၁၉၉၀ ပြည့်နှစ်ထဲက စတင်ဖွင့်လှစ်ခဲ့တဲ့ Universal Orlando အပန်းဖြေစခန်းမှာ အခုဆိုရင် ဟယ်ရီပေါ်တာ ဇာတ်ကားထဲက မှော်ကျောင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပြီ ဖြစ်ပါတယ်။ ဒီကျောင်းကိုတော့ ၂၀၁၀ခုနှစ်မှာ စတင်ပြီး ထည့်သွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီမှော်ကျောင်းတော်ကြီး ရှိတဲ့ နေရာမှာ လည်ပတ်စရာတွေ များစွာရှိပြီးတော့ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချတဲ့ လက်ဆောင်ပစ္စည်း ရောင်းချတဲ့ ဆိုင်တွေလည်း ရှိပါတယ်။
ဒါတွေ အားလုံးထဲမှာမှ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးကတော့ ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ ပါဝင်တဲ့ စားစရာတွေကို ရောင်းချတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို ဖလော်ရီဒါမှာ ရှိတဲ့ Universal Studio မှာ ပိုမိုစုံလင်စွာ ရနိုင်ပြီး ဂျပန်နဲ့ ဟောလိဝုဒ်မှာရှိတဲ့ Universal Studio မှာလည်း ရရှိနိုင်ပါတယ်။
ဒါကြောင့် Universal Studio ကို သွားရောက်လည်ပတ်မယ့် ဟယ်ရီပေါ်တာပရိသတ်တွေ စမ်းကြည့်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ButterBeer
ဇာတ်ကားထဲမှာ ဟယ်ရီပေါ်တာ၊ ရော်နယ်ဝီစလေနဲ့ ဟာမီအိုနီ ဂရင်းဂျာတို့ သောက်ခဲ့တဲ့ ButterBeer ဟာ Potterhead တိုင်း မြည်းစမ်းချင်တဲ့ ဘီယာဖြစ်ပါတယ်။ အခုတော့ Universal Studio က Wizarding World Of Harry Potter မှာ ဝယ်သောက်နိုင်ပြီ ဖြစ်ပါတယ်။
(၂) Bertie Bott’s Every Flavour Beans
စာအုပ်ဖတ်သူတွေကတော့ အရသာ အစုံပါတယ် ဆိုတာ ပိုသိနိုင်ပါတယ်။ ဒီမုန့်ဟာ သံပုရာ အရသာကစပြီး ချယ်ရီအရသာ၊ နှာဖာချေးအရသာ၊ ဖုန့်မှုန်အရသာတွေ ခံစားရအောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
(၃) Sherbet Lemon
Sherbet Lemon က ချိုချိုချဉ်ချဉ် အရသာ ပါဝင်တဲ့ သံပုရာချိုချဉ်ဖြစ်ပြီး ကျောင်းအုပ်ကြီး Albus Dumbledore ရဲ့ အကြိုက်ဆုံးချိုချဉ် ဖြစ်ပါတယ်။
(၄)Chololate Frog
Chololate Frog ကတော့ ဟယ်ရီကကျောင်းသွားတဲ့ ရထားပေါ်မှာ စားခဲ့တဲ့ မုန့်ပါ။ မုန့်အခွံမှာ Dumbledore ရဲ့ ပုံပေါ်လာတာကို ဇာတ်ကားထဲမှာ မြင်ခဲ့ရတာကို အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ စာအုပ်အရတော့ ဒီမုန့်ကို ဖွင့်စားရင် နာမည်ကြီးမှော်ဆရာတွေရဲ့ ပုံတွေ ထွက်လာတတ်တယ်လို့ ပါရှိပါတယ်။
(၅) Pumpkin Pasty
Pumpkin Pasty ကတော့ စာအုပ်ထဲမှာ မကြာခဏပါတဲ့ စားစရာဖြစ်ပါတယ်။ Pumpkin Pasty ဟာ ဂျုံမှုန့်ထဲမှာ ဖရုံသီးအနှစ်တွေကို ချိုချိုချဉ်ချဉ် အရသာစုံအောင် ထည့်ပြီး ဖုတ်ထားတဲ့ မုန့်ဖြစ်ပါတယ်။
Ref;huffingtonpost.com