အသားဟင်းဆိုတာနဲ့ အသားတွေကို ဆီပြန်ချက်လိုက်၊ ကြော်စားလိုက်နဲ့ ငြီးငွေ့နေပြီဆိုရင် အအီပြေစေမယ့် ဟင်းချက်နည်းလေး ပြောပြချင်ပါတယ်။ စားလို့လည်းမြိန်၊ လူကြီးလူငယ်တွေ အကြိုက်တွေ့နိုင်မယ့် ဝက်သားလုံး ချိုချဉ်ဟင်းလျာကို ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်မိနစ် ၄၀ လောက်ပဲ လိုပါတယ်။
ဒါကြောင့် ချက်နေကြ အလွယ်တကူငြီးငွေ့စေမယ့် အသားဟင်းပုံစံတွေထဲခွဲထွက်ပြီး အာရှတိုက်ရဲ့ လူကြိုက်အများဆုံး အစားအစာတ မျိုးဖြစ်တဲ့ ဝက်သားလုံးချိုချဉ်ဟင်းကို အခုပဲချက်ကြည့်ရအောင်။
ဝက်အသားလုံးထားတာတွေ ပိုနေခဲ့ရင် ရေခဲသေတ္တာထဲ အေးခဲထားပြီး ကြိုက်တဲ့အချိန် ယူထုတ်ချက်နိုင်တာမို့ အချိန်ကုန်သက်သာပါတယ်။ ဝက်သားလုံးချိုချဉ်အတွက် လိုအပ်တဲ့ပစ္စည်း ပမာဏက လူ (၄) ယောက်စာ အတွက် ဖြစ်ပါတယ်။
ကြိတ်ထားတဲ့ဝက်သား – ကီလိုဝက်
မုန်လာဥနီအလတ် – ၁ လုံး (အစိပ်သေးလေး တုံးထားရန်)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်းဝက်
ကြက်ဥ – ၁ လုံး
ဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်ဆော့ချို – ၁ ခွက်
ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားရန်)
မုန်လာဥနီအသေး – ၁ လုံး (အမြှောင်းလိုက်ပါးပါးရှည်ရှည်လှီးထားရန်)
ငရုတ်ပွ – ၁ လုံး (အမြှောင်းလိုက်ပါးပါးရှည်ရှည်လှီးထားရန်)
နာနတ်သီး – ၁ ခွက် (အတုံးထူထူ တုံးထားရန်)
ရေ – ၁ ခွက်ခွဲ နဲ့ ကြော်ဖို့ ဆီ တို့ လိုအပ်ပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ဇလုံတလုံးထဲမှာ ကြိတ်ထားတဲ့ဝက်သား၊ မုန်လာဥနီ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥနဲ့ ဂျုံမှုန့်တွေကိုရောပြီး သမအောင်နှယ်ပါ။ ၁ လက်မခွဲ အရွယ်အစားရှိတဲ့ အသားလုံးတွေလုံးပြီး ရေခဲ သေတ္တာထဲ ၁၀ မိနစ်လောက်ထည့်ပြီး အအေးခံပါ။
၁၀ မိနစ်လောက်ရှိပြီဆို အသားလုံးတွေကြော်ဖို့ ဒယ်အိုးပြားကို မီးဖိုပေါ်တင် အပူပေးပါမယ်။ ပူလာပြီဆိုရင် ဆီထည့်ပြီး အသားလုံးတွေ ရွှေအိုရောင်သမ်းလာတဲ့ထိ ၈ မိနစ်ကနေ ၁၀ မိနစ်လောက် ကြော်ပေးပါ။ ပြီးရင် ပန်းကန်ပြားထဲထည့်ပြီး ခဏဖယ်ထားပါ။
ဝက်သားလုံးချိုချဉ်အတွက် ချိုချဉ်အရသာ ဆော့စ်ချက်ပါမယ်။ ငရုတ်ချိုဆော့၊ ကြက်သွန်နီ၊ မုန်လာဥနီအသေး၊ ငရုတ်ပွ၊ နာနတ်သီးနဲ့ ရေတို့ကို အချိုးကျရောစပ်ပြီး အိုးထဲထည့် အပူပေးလိုက်ပါ။ ၁၀ မိနစ်လောက်ကြာလို့ ပြစ် လာပြီဆိုရင် ခုနကြော်ထားတဲ့ ဝက်သားလုံးပေါ် လောင်းချလိုက်ရင် ချိုချဉ်အရသာနဲ့ တမျိုးဆန်းသစ်တဲ့ ဝက် သားလုံးချိုချဉ် ဟင်းတခွက်ရပါပြီ။
Ref: Yummy