ပိုက်ဆံချွေတာပြီး ခရီးသွားတဲ့ သူတွေအတွက် အရမ်းသင့်တော်တာကတော့ ထိုင်းနိုင်ငံမှာ ရောင်းချတဲ့ လမ်းဘေး ဈေးဆိုင်တွေပါပဲ။ မြန်မာနိုင်ငံနဲ့ လုံးဝကွာခြားတာကတော့ ထိုင်းက လမ်းဘေးစာတွေဟာ သန့်ရှင်းမှုကို ဦးစားပေးပြီး ရောင်းချတာပဲဖြစ်ပါတယ်။ အခုဖော်ပြမယ့် လမ်းဘေးစာတွေဟာ မြန်မာကျပ်ငွေ ၂၀၀၀ ပတ်ဝန်းကျင်နဲ့ ဝယ်ယူ စားသောက်နိုင်မယ့် လမ်းဘေးစာတွေ ဖြစ်ပါတယ်။
(၁) Phat Kaphrao (ဖက်ခပေါင်း)
ထိုင်းအစားအစာတွေထဲမှာ နိုင်ငံတကာက အကြိုက်ဆုံးစားစရာအဖြစ် ခရီးသွားတွေ သတ်မှတ်ထားကြတာကတော့ Phat Kaphrao ပဲ ဖြစ်ပါတယ်။ Phat Kaphrao (ဖက်ခပေါင်း) ဆိုတာ ပင်စိမ်းရွက်ကို ငရုတ်သီးနဲ့ရောပြီး ကြက်၊ ဝက်၊ ပင်လယ်စာ စသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အသားကို ထည့်ကြော်ရတဲ့ ဟင်းလျာဖြစ်ပါတယ်။
ဒီဟင်းလျာကို ထမင်းနဲ့ တွဲဖက်စားသုံးကြပြီး ကြိုက်နှစ်သက်ရင် ကြက်ဥတလုံးပါ အပေါ်က အုပ်ပေးပါတယ်။
(၂) Pad Thai (ဖက်ထိုင်း)
Pad Thai ကတော့ ထိုင်းနိုင်ငံမှာ အပေါများဆုံးစားစရာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက မုန့်ဟင်းခါးဆိုင်တွေလိုပဲ Pad Thai ရတဲ့ ဆိုင်တွေကလည်း လက်ညှိုးထိုး မလွဲ ပေါများပါတယ်။ Pad Thai ဟာ ဆန်ပြားခေါက်ဆွဲ၊ ကြက်ဥ၊ တို့ဖူး၊ ခရုဆီ စတာတွေနဲ့ ကြော်ထားတဲ့ စားစရာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ အသားနဲ့ စားနိုင်ပါတယ်။
(၃) သင်္ဘောသီးထောင်း
ထိုင်းနိုင်ငံနဲ့ သင်္ဘောသီးထောင်းဟာလည်း ခွဲထားလို့ မရတဲ့ အရာပါ။ ထိုင်းနိုင်ငံက ဈေးတွေမှာ မုန့်ဆိုင်တွေမှာ အလွယ်တကူ ရနိုင်တဲ့ စားစရာလည်းဖြစ်ပါတယ်။ ဒီသင်္ဘောသီးထောင်းဟာ ဂဏန်းစတဲ့ ပင်လယ်စာတွေနဲ့ ထောင်းတာ ဖြစ်ပေမယ့် သတ်သတ်လွတ်သမားတွေအတွက် အဆင်ပြေအောင်လည်း ရောင်းချပေးကြပါတယ်။
(၄) Gluay Ping
တကယ်လို့သင်ဟာ ဈေးသက်သာတဲ့ အချိုပွဲကို ရှာဖွေနေတယ်ဆိုရင်တော့ Gluay Ping ကို စားဖို့ ညွှန်းချင်ပါတယ်။ ငှက်ပျောသီးကို ကင်ပြီး ကိုယ်နှစ်သက်တဲ့ အချိုရည်ကို စမ်းပြီး စားလို့ရတဲ့ ဒီအချိုပွဲကို သင်နှစ်သက်မှာ သေချာပါတယ်။
(၅) Tom Yam Soup (တုံယမ်းဟင်းရည်)
ထိုင်းနိုင်ငံမှာ ပေါများပြီး ဈေးသက်သက်သာသာနဲ့ စားကောင်းတဲ့ လမ်းဘေးစာတွေမှာ Tom Yam ဟင်းရည်က မပါမဖြစ်ပါပဲ။ ဒီဟင်းရည်ဟာ ချိုချိုချဉ်ချဉ် အရသာစုံလင်အောင် ပါရှိပြီး အဓိက အသားအနေနဲ့ ပုစွန်ကို အသုံးပြုကာ ချက်ပြုတ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒေသနဲ့ လိုက်ပြီး ရောနှောချက်ပြုတ်တဲ့ ပါဝင်ပစ္စည်းတွေတော့ မတူညီကြပါဘူး။
(၆) Ho Mak Pla
Ho Mak ဆိုတာ ငှက်ပျောဖက်ကို ပန်းကန်ပုံစံ ခေါက်ပြီး လိုအပ်တဲ့ အဆာပလာတွေကို ထည့်ပြီး ရေနွေးငွေ့နဲ့ ချက်ပြုတ်တာကို ဆိုလိုတာပါ။ Ho Mak Pla ဟာ ငါးကိုအခြေခံပြီး အုန်းနို့စတာတွေနဲ့ ရောနှောချက်ပြုတ်ရတာ ဖြစ်ပါတယ်။ ဒီစားစရာဟာ ထိုင်းနိုင်ငံရဲ့ ဈေးတိုင်းမှာ လွယ်လင့်တကူ ရနိုင်တဲ့ စားစရာလည်းဖြစ်ပါတယ်။
Ref;lifehacks.com