လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သရေစာတွေ ခဏခဏစားမိနေပြီလား။ အလုပ်စားပွဲက အံဆွဲကို ဖွင့်လိုက်တာနဲ့ မုန့်အချိုအချဉ်တွေ အပြည့်၊ ဗိုက်ထဲဆာသလိုလိုဖြစ်တိုင်း တခုခု စားချင်လာတယ်၊ ဗိုက်ထဲက တကယ် မဆာတာတောင် ပါးစပ်က တခုခုစားချင်တာမျိုးက ကိုယ်အလေးချိန်တက်ဖို့ အစပျိုးတဲ့အဆင့်ပါ။
အလုပ်ထဲမှာ နေ့လယ်စာစားပြီး ညနေ ၃၊ ၄ နာရီလောက်ဆို ကိုယ်ကြိုက်တဲ့မုန့်လေးစားလိုက်ရမှ ကျေနပ်တာမျိုး၊ ဗိုက်ထဲမဆာတောင် အကျင့်ဖြစ်နေလို့ အလုပ်လုပ်ရင်း ချိုချိုချဉ်ချဉ် ပါးစပ်ထဲစားနေပြီဆို သင့်ကျန်းမာရေးအခြေအနေ ပြန်ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ တခါတလေ အစားစားချင်စိတ်များလာတာဟာ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်တာမို့ အကြောင်းရင်းသိဖို့ လိုပါတယ်။
နေ့တိုင်း ဒီအချိန်ရောက်ရင် တခုမဟုတ်တခု စားချင်နေတာက တကယ်ဗိုက်ဆာလို့ မဟုတ်ဘဲ သင့်ခန္ဓာကိုယ်က အကျင့်ပါနေတာပါ။ ဒီလိုဖြစ်လာရင် တခုခုစားလိုက်ရမှ ကျေနပ်သွားတာမျိုးပေါ့ လို့ အစာအာဟာရကျွမ်းကျင်ပညာရှင် ဂျက်လင်းက ဆိုပါတယ်။
နေ့လယ်စာနဲ့ ညစာကြားမှာ အချိန် ၄ နာရီကနေ ၇ နာရီကြား ကွာဟ နေတဲ့အချက်ကလည်း ဆာလောင်မှုဖြစ်အောင် တွန်းပို့ပါတယ်။ ဘာလို့ဆို ကျမတို့ရဲ့အစာအိမ်က ၂ နာရီကနေ ၄ နာရီလောက်ဆို ဗိုက်ပြန်ဆာလာတတ်တယ်လေလို့ ဆိုပါတယ်။
အလုပ်မှာ တနေကုန်အားအင်တွေသုံးလိုက်တာကြောင့် ညနေ ၃၊ ၄ နာရီလောက်ဆို ကိုယ်တွင်း သကြား ဓာတ် ကျဆင်းစပြုလာပါပြီ။ ဒါကြောင့်လည်း ဒီအချိန်ဆို ကော်ဖီ၊ လက်ဘက်ရည်နဲ့ မုန့်တခုခုစားချင်သောက်ချင်တာမျိုး ဖြစ်လာကြတာပါ။ ဒီလို ဆာလောင်လာတဲ့အခါ အချိုဓာတ်နဲ့ အဆီဓာတ်များတာတွေ ပိုစားမိတတ်တယ် လို့ ဆိုပါတယ်။
၁ ခါ ၂ ခါလောက် ပုံမှန်ဒီအချိန်စားလိုက်တာနဲ့ ဦးနှောက်မှတ်ဉာဏ်တွေက မှတ်သားထားပြီး နောက်နေ့တွေမှာ ဒီလိုအချိန်ရောက်ပြီဆို စားဖို့ တွန်းအားပေးလာပါတော့တယ်။ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏထက် နည်း နည်းချင်းစီ ပိုစားဖြစ်သွားရင်း အချိန်ကြာလာတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တက်ခြင်းကို ခံစားရပါတယ်။
အမျိုးသားတဦးအတွက် တနေ့ ကယ်လိုရီပမာဏ ၂,၂၀၀ လုံလောက်သလို၊ အမျိုးသမီးဆိုလည်း ၁,၈၀၀ လောက်ပဲ လိုအပ်တာပါ။ ဒီပမာဏတွေထက် နေ့တိုင်းပိုစားဖြစ်နေပြီဆိုရင် အဝလွန်ပြီး ကျန်းမာရေးကို ထိခိုက် လာပါတယ်။
ဥပမာ – အာလူးကြော် ၈၀ ဂရမ်တထုပ်စားမိရင် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီထက် ၄၀၁ ကနေ ၄၄၉ ထိ ပိုလျှံသွား နိုင်ပါတယ်။ ဒါကြောင့်လည်း ဂျက်လင်းက လူတိုင်းလိုလို တနေ့ကို ကယ်လိုရီပမာဏ ၂၀၀ ကနေ ၃၀၀ လောက်ပိုလျှံ စားသောက်နေကြတယ်လို့ ဆိုလိုက်ပါတယ်။
တနေ့ကို ကယ်လိုရီ ၅၀၀ ပိုစားမိမယ်ဆိုရင် တနေ့ ကိုယ်အလေးချိန် ၀ ဒသမ ၅ ကီလိုကနေ ၁ ကီလိုလောက် ထိ ဝိတ်တက်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ကယ်လိုရီများတဲ့အစားအစာတွေ မစားမိအောင် ဂရုစိုက်သင့်တယ် လို့ ဂျက်လင်းက အကြံပေးပါတယ်။ တကယ်လို့ စားချင်စိတ်ကိုထိန်းမရဘူးဆိုရင် ကယ်လိုရီနည်းတဲ့ အစားစာ (သို့) အသီးအနှံတခုခု စားသင့်တယ်လို့ ဆိုပါတယ်။
အရင်ဆုံး လုပ်ငန်းခွင်မှာ တနေ့တာ ဘာတွေစားဖြစ်တယ်ဆိုတာ သတိပြုကြည့်ပါ။ ဗိုက်ဆာလို့ တွေ့တဲ့ အာလူး ကြော်ထုပ်စားလိုက်မိလား၊ လုပ်ဖော်ကိုင်ဖက်တွေဝယ်လာလို့ ဒိုးနတ်တွေ စားလိုက်မိပြန်လား၊ ခေါင်းမကြည်လို့ ကော်ဖီအေးတွေ၊ ဆိုဒါပါတဲ့အချိုရည်တွေ သောက်မိပြန်ပြီလား စတဲ့ ကိုယ်တနေ့တာ စားဖြစ်သွားတဲ့သရေစာ တွေကို သတိပြုမိလာအောင်လုပ်ပါ။
အလုပ်စားပွဲမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာတွေ မထားပါနဲ့။ သရေစာဝယ်မယ်ဆိုရင် ကယ်လိုရီပမာ ဏကို သေချာဖတ်ပြီးမှ ဝယ်တဲ့အကျင့်ကိုလုပ်ပါ။ အချိုရည်၊ ရယ်ဒီမိတ်ကော်ဖီတွေ မသောက်ပါနဲ့။ လုပ်ဖော်ကိုယ်ဖက်က ဝယ်ကျွေးတဲ့ကယ်လိုရီများတဲ့ အစားအစာတွေဆို ငြင်းတတ်ပါစေ။
အစပထမ မသောက်ပဲမနေ နိုင်၊ မစားပဲမနေနိုင်သေးဘူးဆိုရင် ကော်ဖီဆို ခွက်အသေးပြောင်းသောက်ကြည့်ပါ၊ မုန့်အချိုတွေဆိုလည်း အာသာပြေ တခု၊ နှစ်ခုလောက်ပဲ စားပါ။
အလုပ်မှာ ဗိုက်ဆာလာတဲ့အခါ ကယ်လိုရီများတဲ့ သရေစာတွေအစား ပန်းသီးတလုံးစားလိုက်တာကလည်း အဆာပြေ စေပါတယ်။ အသီးအနှံမှာ ကယ်လိုရီပမာဏနည်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုတာမို့ ဘယ်လောက်များများစားစား စိတ်ချရပါတယ်။
ဒါကြောင့် နေ့စဉ်လုပ်ငန်းခွင်မှာ တနေကုန်ထိုင် အလုပ်လုပ်နေရတဲ့သူအတွက် မကြာခဏ အစာစားချင်စိတ်ကိုထိန်းရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။
Ref: CNA