ဒီတပတ်တော့ မိသားစုတွေအတွက် အချိုပွဲပြင်ဆင်မယ်ဆို ကြွပ်ကြွပ်ရွရွနဲ့ ဆိမ့်ဆိမ့်လေး စားကောင်းမယ့် “နို့ချောကလက် ဗာဒံစေ့ကွတ်ကီး” လုပ်နည်း ပြောပြပေးချင်ပါတယ်။ ကလေးတွေလည်းအကြိုက်၊ မိသားစုဝင်တွေလည်း အကြိုက်တွေ့ကြမယ့် ဒီကွတ်ကီးလေးကို ထမင်းမစားခင် oven ထဲ ထည့်ဖုတ်ထားရုံနဲ့ ထမင်းစား အပြီး ပူပူနွေးနွေး အဆင့်သင့် ပြင်ဆင်နိုင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေက–
ထောပတ် ၁/၄ ခွက်
သကြား ၁/၃ ခွက်
သကြားအညို ၁/၃ ခွက်
ကြက်ဥ ၁ လုံး
ဂျုံ ၁ ခွက်
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတဝက်
ဆား အနည်းငယ်
ဗာဒံစေ့ ခွက်တဝက်
နို့ချောကလက်ခဲ ၁ ခွက် တို့ လိုအပ်ပါတယ်။
အရင်ဆုံး မုန့်ဖုတ် oven ကို ၃၅၀ ဖာရင်ဟိုက်အပူချိန်ထားပါ။ ထောပတ်၊ သကြားကို ဇလုံတခုထဲ ထည့်ပြီး မွှေ ပေးပါ။ ပြီးရင် ကြက်ဥကို ဖောက်ထည့် ရောသွားတဲ့ထိ ထပ်မွှေပေးပါ။
မွှေထားတဲ့ အနှစ်အရည်ထဲကို ဂျုံ၊ မုန့်ဖုတ်ဆိုဒါ၊ ဆား အနည်းငယ်ထည့်ပြီး သေချာမွှေပါ။ နောက်ဆုံး ဗာဒံစေ့နဲ့ ချောကလက်ခဲတွေကို ထည့်မွှေလိုက်ပါ။
အားလုံးထည့်မွှေထားတဲ့ ဂျုံအနှစ်ကြီးကို ၅ လက်မအရွယ်အစား ၂ ခုခွဲပြီး မုန့်ဖုတ်ဗန်း အဝိုင်းထဲကို ထပ်ပြီးထည့်ပါ။ ပေးထားတဲ့အပူချိန်အတိုင်း အဖျားတွေ ရွှေအိုရောင် သမ်းလာတဲ့အထိ ဖုတ်ပေးရပါ့မယ်။ အနည်းဆုံး ၂၅ မိ နစ်ကနေ မိနစ် ၃၀ လောက်ထိ ဖုတ်ပေးရပါမယ်။
အချိန် ၄၅ မိနစ်လောက်နဲ့ မိသားစုတွေအကြိုက် နို့ချောကလက် ဆိမ့်ဆိမ့်လေးအရသာရယ်၊ ဗာဒံစေ့ရယ်ကြောင့် ကြွပ်ကြွပ်ရွရွနဲ့ စားကောင်းမယ့် ကွတ်ကီး ပြင်ဆင်လို့ ပြီးပါပြီ။
Ref: Yummy