“ခေါက်ဆွဲယဉ်ကျေးမှု စတင်ရာ” လို့ တင်စားနိုင်တဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ပေါ်မှာ ဘယ်နေရာကြည့်ကြည့် ခေါက်ဆွဲဆိုင်တွေကို တွေ့ရမှာပါ။ မြင်နေကျ ခေါက်ဆွဲမျိုး မဟုတ်ဘဲ ရိုးရာခေါက်ဆွဲချက်နည်းကို ဆန်းသစ်ထားတဲ့ ခေါက်ဆွဲဆိုင်ကတော့ တိုကျိုမြို့ရဲ့ Tokyo Sky Tree နားမှာ ရှိပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်လေးမှာ တမူ ထူးထူးခြားခြား ပြင်ဆင်ထားတဲ့ ခေါက်ဆွဲဟင်း ပွဲအသစ်ကိုပါ မြည်းစမ်းနိုင်မှာပါ။
စားလိုက်တာနဲ့ ခေါက်ဆွဲရဲ့ အရသာကို ခံစားမိမယ့် ရှေးခေတ်နည်း၊ ဆန်းသစ် တီထွင်ထားတဲ့ ခေတ်ပေါ်နည်း တို့်ကို ပေါင်းစပ်ထားတဲ့ “အပြာရောင် ခေါက်ဆွဲ” ဟင်းလျာကို မီနူးအသစ် အဖြစ် စတင် ရောင်းချကတည်းက စားသုံးသူတွေ အကြိုက်တွေ့ခဲ့ကြပြီး ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
“အပြာရောင် ခေါက်ဆွဲ” (Blue Ramen) ကို စတင်ဖန်တီးခဲ့တဲ့ ကိုဇုမိရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခုအချိန် ဆိုရှယ်မီဒီယာတွေမှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်နေသလို၊ အစားသရဲတွေ သဘောကျ နှစ်ခြိုက်နေတဲ့ ဟင်းလျာတပွဲ ဖြစ်နေပါပြီ။ ဒီလို အပြာရောင်ခေါက်ဆွဲ ဟင်းလျာမျိုးကို အရင်က ဂျပန်နိုင်ငံရဲ့မြို့တော်မှာ မမြင်ဖူးကြတာကြောင့်လည်း အထူးစိတ်ဝင်စားခြင်း ခံရတာပါ။
ယနေ့အချိန်မှာတော့ ဂျပန်လူမျိုးတွေတင် မဟုတ်ဘဲ နိုင်ငံခြားသား ကမ္ဘာ့လှည့်ခရီးသွားတွေကပါ တကူးတက သွားရောက် မြည်စမ်းနေကြတဲ့ ဟင်းလျာတပွဲ ဖြစ်နေပါပြီ။ အပြာရောင်ခေါက်ဆွဲကို မြင်လိုက်သူတိုင်း စိတ်ဝင်စားစေအောင် အပြာနုရောင်လေးနဲ့ တခြားဟင်းအရံတွေကို ပြင်ဆင်ထားပြီး ချက်ပြုတ်တဲ့နေရာမှာ အစအဆုံး သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ကြက်ပြုတ်ရည်ကို အခြေခံထားတဲ့ ဒီခေါက်ဆွဲဟင်းလျာကို စရောင်းတဲ့အချိန်ကတည်းက ယခုချိန်ထိ နေ့စဉ် ရောင်းအားရဲ့ ထိပ်ဆုံးနေရာကို ယူထားဆဲပါ။ တဇွန်းမြည်းလိုက်ရုံနဲ့ စိတ်ကျေနပ်သွားစေမယ့် အပြုတ်ရည်၊ နူးညံ့တဲ့ ကြက်သားတုံးတွေနဲ့ ကြက်ဥပါ ပါတဲ့ ပြီးပြည့်စုံတဲ့ ခေါက်ဆွဲ တပွဲပါ။
တိုကျိုမြို့ပေါ်မှာရှိတဲ့ ခေါက်ဆွဲဆိုင်တွေထဲမှာ နာမည်ကျော် Michelin Star ရထားတဲ့ ဆိုင်တွေအပြင် ရှေးအစဉ် အဆက် နာမည်ကျော်ခဲ့တဲ့ ခေါက်ဆွဲဆိုင်တွေ၊ သူများနဲ့မတူ တမူထူးခြားတဲ့ အစာတွေနဲ့ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ခေါက်ဆွဲဆိုင်တွေကြားက စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်တဲ့ အပြာရောင်ခေါက်ဆွဲ အရောင်းဆိုင် Kipposhi ကတော့ အားလုံးရဲ့ အာရုံစူးစိုက်မှုကို အခံရဆုံးပါ။
မီနူးကပုံကို မြင်လိုက်ကတည်းက မြည်းစမ်းချင်စိတ်ပေါက်သွားအောင် ဆွဲဆောင်ထားနိုင်တဲ့ အပြာရောင်ခေါက် ဆွဲတပွဲကို ယန်း ၉၀၀ (အမေရိကန်ဒေါ်လာ ၇ ဒဿမ ၈၆ ဝန်းကျင်) ကျသင့်ပါတယ်။
ခေါက်ဆွဲပြုတ်ရည်ကို မူရင်း တရုတ်ရိုးရာကိုနည်းကို အခြေခံထားပြီး အရသာကောင်းအောင် ပြင်ဆင် ချက်ပြုတ်ထားတဲ့အကြောင်း ရှင်းပြခဲ့ပေမယ့် အပြာရောင်ဖြစ်အောင် ဘယ်လိုပြင်ဆင်လဲ ဆိုတာကိုတော့ ကိုဇုမိက ပြောမပြသွားပါဘူး။
Ref: Japan Insides