“တုန်ယမ်းဟင်းရည်”လို့ ဆိုလိုက်ရင် ထိုင်းနိုင်ငံရဲ့ အစားအစာမှန်း တန်းသိလောက်အောင် နာမည်ကြီးတဲ့ ထိုင်းအစားအစာ တမျိုးပါ။ မြန်မာနိုင်ငံမှာလည်း ထိုင်းစားသောက်ဆိုင်တွေ သွားတဲ့အခါ မြည်းစမ်းကြည့်နိုင်သလို ကိုယ်တိုင် အိမ်မှာ ချက်မယ်ဆိုရင်လည်း မခက်ခဲပါဘူး။
ဒီတပတ်တော့ မိုးအေးအေးနဲ့ အိမ်မှာ တုန်ယမ်းဟင်းရည် စပ်စပ်ကလေး ချက်စားချင်သူတွေအတွက် ချက်နည်း ဝေမျှပေးလိုက်ပါတယ်။
နှစ်ယောက်စာ တုန်ယမ်းဟင်းရည်ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ —
တုန်ယမ်းအနှစ်ထုပ် – ၅၀ ဂရမ်
မှို – ကြိုက်နှစ်သက်ရာ အမျိုးအစားအစုံ
ရှောက်ရွက် – ၂ ရွက်
ဂျင်း – အနည်းငယ် (ဓားပြားရိုက်ထားရန်)
စပါးလင် – အနည်းငယ်
ငရုတ်သီးစိမ်း – အနည်းငယ်
ကြက်သွန်နီ – ဥကြီး ၁ လုံး
ခရမ်းချဉ်သီး – ၁ လုံး
ပင်လယ်စာအစုံ – ကြိုက်နှစ်သက်ရာ
ယိုးဒယားငံပြာရည် – အနည်းငယ်
သကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုရာရည် – အနည်းငယ် (ညှစ်ထားရန်)
နံနံပင် – အနည်းငယ် လိုအပ်ပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ပင်လယ်စာတွေကို သန့်စင်ဆေးကြောဖို့ လိုပါတယ်။ ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ကဏန်း စသဖြင့် ထည့်တတ်ကြပါတယ်။
ပထမဆုံး အိုးထဲကို ရေ ၆၀၀ မီလီမီတာထည့်ကာ တုန်ယမ်းအနှစ်၊ မှို၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ စပါးလင်၊ ဂျင်းတို့ထည့်ပြီး ဆူအောင်တည်ပါ။ ၅ မိနစ်လောက်ကြာလို့ ဆူပွက်လာပြီဆိုရင် ပင် လယ်စာအစုံထည့်ပြီး ကျက်သွားတဲ့အထိ ထပ်တည်ပေးပါ။
အရသာ အပေါ့အငန် အတွက် ယိုးဒယားငံပြာရည်၊ သကာရည်နဲ့ သံပုရာရည်တို့ထည့်ပြီး အရသာမြည်းကြည့်ပါ။ လိုအပ်ရင်ထပ်ထည့်ပြီး ဆူအောင်တည်ပါ။ အရသာအဆင်ပြေပြီဆိုရင် ပန်းကန်လုံးထဲထည့်ပြီး နံနံပင် အုပ်လိုက်ပါ။ ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ ပင်လယ်စာ တုန်ယမ်းဟင်းရည် တခွက် ရပါပြီ။
Ref: Good to Know