ဒီတပတ် ပိတ်ရက်မှာ မိသားစု စုံစုံညီညီနဲ့ ဟော့ပေ့ါသွားစားနိုင်ဖို့အတွက် ဟော့ပေ့ါဆိုင် ကောင်းကောင်း တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နေရာကတော့ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ Capital အပေါ်ထပ်က “Jo Jo Hotpot” ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်အနေအထားက သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ မိသားစုတွေ သွားစားလို့ အဆင်ပြေမယ့် ဆိုင်လည်း ဖြစ်ပါတယ်။
စာရေးသူတို့ ဆိုင်ထဲကို စဝင်ဝင်ချင်းမှာပဲ ဆိုင်က ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ မှာယူနိုင်တဲ့ ဟင်းလျာ မီနူးတွေကို သေချာ ရှင်းပြပေးပါတယ်။ ဆိုင်မှာ အဓိကရတာက ဟော့ပေါ့နဲ့ မာလာ ရှမ်းကောပါ။ ကြိုက်သလောက်လည်း တပွဲချင်း မှာစားလို့ရသလို ဘတ်ဂျက်သမားတွေအတွက် စီစဉ်ပေးထားတဲ့ Set menu လည်း ရှိပါတယ်။
စာရေးသူတို့ကတော့ Set menu ကို မြည်းစမ်းကြည့်ချင်တာကြောင့် Set menu နဲ့ မှာလိုက်ပါတယ်။ ဟော့ပေ့ါအတွက် Set menu က ၇၅၀၀ ကျပ်ဖြစ်ပြီး နှစ်ယောက် အဝစားလို့ ရပါတယ်။
Set menu ဟော့ပေ့ါမှာ အသား ၁ ပွဲ၊ အရွက် ၁ ပွဲ၊ ခေါက်ဆွဲနဲ့ ကြက်ဥတို့ ပါဝင်ပါတယ်။ အသားက ကြက်သားနှပ်၊ အမဲသားနှပ်၊ ဝက်သားနှပ်၊ မာလာကြက်သားနှပ်၊ မာလာဝက်သားနှပ်၊ ကြက်သားလွှာ၊ အမဲသားလွှာဆိုပြီး ရှိပါတယ်။ ဒီဆိုင်ရဲ့ အားသာချက်က အသားတွေဟာ အခြားဆိုင်တွေနဲ့ မတူဘဲ လတ်ဆတ်နေတာပါပဲ။ ပူပူနွေးနွေး အသားတွေက အရသာလည်း ရှိပါတယ်။
ဟော့ပေါ့အရည်ဆိုရင် “အချို၊ မာလာ၊ တုံယမ်း၊ မီဆို၊ ခရမ်းချဉ်သီး၊ တရုတ်ဆေးပေါင်းရည်” ဆိုပြီး အရည် အရသာ ၆ မျိုး ရှိပါတယ်။ စာရေးသူတို့ မြည်းစမ်းခဲ့တာက မာလာအရသာ ဖြစ်ပြီး အရသာ အနည်းငယ် ပေါ့ပါတယ်။ အရသာ လေးလေးပင်ပင်နဲ့ အငန် ကြိုက်သူတွေ သဘောကျလောက်မယ် မထင်ပါဘူး။ ဟော့ပေါ့ အရည်ကတော့ ပေါ့ပေါ့နဲ့ အစပ် နည်းပါတယ်။ ဒါကြောင့် ခံတွင်းရှင်းရှင်း သောက်ချင်သူတွေ သဘောကျမယ် ထင်ပါတယ်။
အရွက်တွေကလည်း များများစားစား ပါဝင်တာကြောင့် Set menu နဲ့တင် ဗိုက်ပြည့်ပါတယ်။ အချိုရည်ကတော့တမျိုးပဲရှိပြီး Free Flow (အခမဲ့ ကြိုက်သလောက်သောက်) ပေးထားတာကြောင့် သိပ်ခံတွင်း မတွေ့လှပါဘူး။ အချဉ်ကတော့ ကိုယ်ကြိုက်နှစ်သက်ရာ စပ်ပြီး စားလို့ ရပါတယ်။ မာလာရှမ်းကော Set က တပွဲ ၇၉၀၀ ကျပ်ဖြစ်ပြီး လူကြိုက် ပိုများပါတယ်။
ဟော့ပေါ့ကောင်းကောင်း စားချင်တယ်ဆိုရင် “Jo Jo Hotpot” ဆိုင်မှာ မြည်းစမ်းနိုင်ပါတယ်။ “Jo Jo Hot Pot” ဆိုင်ခွဲတွေကတော့ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်က Junction Square ၊ မရမ်းကုန်းမြို့နယ်က Junction 8 နဲ့ သာကေတမြို့နယ်က Capital တို့မှာ ရှိပြီး နီးစပ်ရာ ဆိုင်တွေမှာ သွားရောက် စားသုံးနိုင်ပါတယ်။
ဆိုင်အနေအထားကလည်း သပ်ရပ် သန့်ရှင်းသလို ဆိုင်က အစားအစာတွေကလည်း လတ်ဆတ်တာကြောင့် စာဖတ်သူတို့ သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်။