Food

စီချွမ်အရသာစစ်စစ်ကို မြည်းစမ်းကြည့်ခြင်း

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ ချန်ဒူးဒေသရှိ ဒေသအစားအစာတွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အခုလက်ရှိလူကြိုက်များနေတဲ့ စီချွမ်အစားအစာတွေနဲ့ အရသာ သိပ်မကွဲပြားလှပါဘူး။ အေးတဲ့ဒေသမှာစားသုံးလေ့ရှိတဲ့ အပူအစပ် ၊ အထုံ အရသာတွေနဲ့ ဟင်းခပ်အမွေးအကြိုင် အနှစ်တွေသုံးပြီး ဟင်းတွေကို အများဆုံးချက်ပြုတ်ထားကြတာ ဖြစ်ပါတယ်။ စီချွမ်အရသာဆို မြန်မာပြည်မှာ မာလာရှမ်းကောအရသာလို့ပဲ အများက သိထားကြပါတယ်။

အခုဖော်ပြမယ့် ဟင်းလျာတွေကတော့ စီချွမ်အရသာစစ်စစ် ချက်ပြုတ်ထားတဲ့ တရုတ်ဟင်းလျာတွေပဲ ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ တရုတ်ဟင်းလျာဆိုရင် ချိုအီပြီး ဆီများတဲ့ဟင်းလျာတွေလို အများဆုံးသိထားကြပါတယ်။ တရုတ်တန်းမှာ ရရှိတဲ့ ခေါက်ဆွဲကြော် ၊ ကြာဆံကြော် စတာတွေဟာ ခရုဆီနဲ့ကြော်ထားပြီး အီတဲ့ဘက်ကိုသွားပါတယ်။ ဒါပေမယ့် တရုတ်ပြည်စီချွမ်ဒေသမှာတော့ တရုတ်ဟင်းလျာတွေဟာ အပူအစပ်ဘက်ကိုသွားကြပါတယ်။

ဟင်းလျာတွေအနေနဲ့ မာလာအနှစ်အရသာကိုအများဆုံးသုံးကြပြီး အမဲသား ၊ ဝက်သား၊ ကြက်သားအစရှိတဲ့ ဟင်းပွဲတွေမှာ ဒီအနှစ်အရသာတွေနဲ့ပဲ ချက်ပြုတ်ကြတာဖြစ်ပါတယ်။

ဒီမှာမပါမဖြစ်က တို့ဟူးဟင်းလျာဖြစ်ပြီး တို့ဟူးဟင်းကလည်း စားချင်စဖွယ်ဖြစ်အောင် ငရုတ်သီးအဆီအနှစ်များများနဲ့ ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ ဒီတို့ဟူးဟင်းလျာကို ချက်ပြုတ်ခဲ့တဲ့ အမျိုးသမီးစားဖိုမှူးရဲ့ မျက်နှာကကျောက်ပေါက်မာ တွေရှိနေတဲ့အတွက် ဒီဟင်းလျာကို Mapo လို့လည်း ခေါ်ဆိုတယ်လို့ သိရပါတယ်။ ဒါ့အပြင် တို့ဟူးကို တခြားအသားအမယ်တွေနဲ့လည်းရောနှောပြီး ချက်ပြုတ်ပါသေးတယ်။ ဒီအတိုင်းများများစားရင်အီတတ်တဲ့ တို့ဟူးက ဒီလိုငရုတ်ဆီအမွှေးအကြိုင်များနဲ့ရောနှောချက်ပြုတ်ထားတဲ့အတွက် မအီဘဲ စပ်တဲ့အရသာကြောင့် ခံတွင်းမြိန်စေပါတယ်။

ဒီဒေသက ငါးကင်ကတော့ လတ်ဆတ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စားသုံးသူလာတော့မှ ငါးကင်ထဲက ငါးကိုဆယ်ပြီး ချက်ချင်းချက်ပြုတ်တာကြောင့်ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ဒီလိုစားသုံးကြတာ ရှားသလို ဒီလိုမြင်ကွင်းမှာ ဆယ်ယူပြီးချက်ပြုတ်တာကို မစားရဲကြဘဲ ငရဲကြီးမှာကို ကြောက်တတ်ကြတာကြောင့်လည်း ပါပါတယ်။ ဒီငါးတွေက မြစ်ထဲကဖမ်းယူထားတဲ့မြစ်ငါးများလို့ သိရပြီး ဈေးကတော့ တရုတ်ယွမ် ၆၀၀ ကျပ်ရှိတာကြောင့် မြန်မာငွေနဲ့ဆို တသိန်းကျော်လောက်ကြသင့်ပါတယ်။ ငါးကို အကောင်လိုက်ပဲ နူးအိနေအောင် ဝိုင်နဲ့ပေါင်းထားတဲ့ပုံစံမျိုးချက်ပြုတ်ထားပြီး အပေါ်က ပဲငပိအရသာကိုထပ်အုပ်ထားတာဖြစ်ပါတယ်။

နောက်ပြီးစီချွမ်အစားအစာထဲမှာနာမည်ကြီးပြီး အရသာရှိတာကတော့ အမဲသားကို ချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ အမဲသားကို ဟော့ပေါ့ပုံစံချက်ပြုတ်ကြလို ၊ Roast လုပ်ပြီး အချဉ်နဲ့တို့စားတာလည်း ရှိပါတယ်။ မာလာငရုတ်သီးအနှစ်များနဲ့ ချက်ပြုတ်ထားတဲ့ အမဲသားဟင်းကလည်း ဒီဒေသရဲ့နာမည်ကြီးဟင်းလျာဖြစ်ပါတယ်။ ဒီဒေသရဲ့ အမဲသားအရသာက စားဖူးနေကျ အမဲသားလို ညှီနံ့မရဘဲ အသားက နူးညံ့ပြီး အမဲသားလိုတောင်မထင်ရလောက်အောင် စားကောင်းလှပါတယ်။

ဘဲကင်ကတော့ မြန်မာနိုင်ငံက တရုတ်စားသောက်ဆိုင်တွေမှာ ရရှိတဲ့ ပီကင်းဘဲကင်အရသာအတိုင်းပဲ ချိုအီအီဘက်ကို သွားတာကြောင့် ဒီကနဲ့သိပ်ပြီးကွဲပြားမှုမရှိပါဘူး။

စီချွမ်အရသာဟင်းလျာတွေက နာမည်ကြီးလှသလို ဈေးကလည်း မြန်မာငွေနဲ့ပြန်တွက်ရင် ဟင်းလျာတပွဲကို ယွမ် ၂၀၀ ကျသင့်ပြီး မြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင် လေးသောင်းကျော် ငါးသောင်းနီးပါး ကျသင့်ပါတယ်။ ဟင်းလျာတွေ ကလည်း ပန်းကန်အကြီးကြီးတွေနဲ့ချပေးတာကြောင့် မိသားစုလိုက် လာရောက်စားသုံးကြတဲ့သူတွေအဖို့ အဆင်ပြေလှပါတယ်။ လာရောက်စားသုံးကြတာကလည်း မိသားစုလိုက် ၊ အုပ်စုလိုက် အများအပြားလာရောက်စားသုံးကြပါတယ်။

စားသောက်ဆိုင်တွေမှာ အချိန်ကြာမြင့်စွာမစောင့်ဆိုင်းရဘဲ ဟင်းလျာပွဲတွေကို ပူပူနွေးနွေးချက်ပြုတ်ပြီး တပွဲပြီးတပွဲ မပြတ်ရအောင် ဆက်တိုက်ချပေးနိုင်တာဟာ အဲဒီဒေသစားသောက်ဆိုင်တွေရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading