Food

ထူးထူးခြားခြား အရသာရှိတဲ့ ဟောင်ကောင်စတိုင် အသင့်စားခေါက်ဆွဲကြော်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်တော့ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် တရုတ်အစားအစာချက်နည်းကို ပြောပြပေးချင်ပါတယ်။ ဝါတွင်းကာလ သက်သတ်လွတ် စားသူတွေအတွက်လည်း အဆင်ပြေသလို၊ ညနေ ရုံးဆင်းအပြန် ထမင်း မစားချင်တဲ့ အခါမျိုးမှာ အချိန်တိုအတွင်း ချက်ပြုတ်နိုင်ပါတယ်။

ဟောင်ကောင်စတိုင် အသင့်စား ခေါက်ဆွဲခြောက်ကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက —


ခေါက်ဆွဲခြောက်
ကြက်သွန်မြိတ်
မုန်လာဥနီ
ရွှေပဲသီးတောင့်
ပဲပြား
တရုတ်နံနံ
ငရုတ်ပွ
မှို
ရေမုန်ညင်း
နှမ်းဆီ
ကော်မှုန့်
ပဲငံပြာရည်တို့ လိုအပ်ပါတယ်။ သက်သတ်လွတ် မစားချင်ရင် ကြိုက်နှစ်သက်ရာ ပင်လယ်စာ (သို့မဟုတ်) အသားတမျိုးမျိုး ထည့်နိုင်ပါတယ်။

အရင်ဆုံး ခေါက်ဆွဲကြော်ထဲ ထည့်မယ့် အသီးအရွက်တွေကို အနေတော် ပိုင်းဖြတ်ထားပါ။ ခေါက်ဆွဲခြောက်ကို ရေနွေးပွက်ပွက် ဆူတဲ့ထဲ ထည့်ပြုတ်ပြီး ရေအေးနဲ့ဆေးကာ စစ်ထားပါ။ အသင့်စား ခေါက်ဆွဲထုပ်ထဲမှာပါတဲ့ အရသာမုန့်တွေနဲ့ ခေါက်ဆွဲကို နယ်ထားပါ။ ပြီးရင် ခေါက်ဆွဲကို ဆီနည်းနည်းနဲ့ ကြွပ်သွားအောင် ပြန်ကြော်ပေးပါ။

အရင်ဆုံး အသီးအရွက်တွေကြော်ဖို့ ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ဆီထည့်ပြီးပူလာပြီဆိုရင် ကြက်သွန်မြိတ်ကို အနံ့မွှေးသွားအောင် အရင်ကြော်ပါ။ ခဏကြာရင် ဆယ်ထားပြီး မုန်လာဥနီ၊ ရွှေပဲသီးတောင့်၊ ငရုတ်ပွရောင်စုံ၊ ပဲပြား၊ မှို၊ ရေမုန်ညင်းတို့ကို ထည့်ကြော်ပါ။ ကျက်ခါနီးမှာ စေးစေးလေးဖြစ်သွားအောင် ကော်မှုန့်ကို အရေဖျော်ပြီး လောင်းထည့်လိုက်ပါ။

အသီးအရွက်တွေ ကျက်သွားပြီဆိုရင် ခုနကြော်ထားတဲ့ အသင့်စား ခေါက်ဆွဲခြောက်ပေါ်ကို လောင်းချလိုက်ရုံနဲ့ စားနေကျ ခေါက်ဆွဲကြော်တွေနဲ့ ကွဲထွက်ပြီး ဝါးလိုက်တိုင်း ကြွပ်ကြွပ်ရွရွလေး ဖြစ်စေမယ့် ဟောင်ကောင်စတိုင် အသင့်စား ခေါက်ဆွဲခြောက်ကြော် အဆင်သင့် ရပါပြီ။

Ref: Allrecipes

Did you find apk for android? You can find new Free Android Games and apps.
Loading