ဒီတပတ်တော့ အီဆိမ့်ဆိမ့်လေးနဲ့ ကလေးရော၊ လူကြီးပါကြိုက်ကြတဲ့ အာလူးထောင်းလုပ်နည်း ပြောပြချင်ပါတယ်။ အပြင်ဆိုင်တွေမှာ ဝယ်စားရင် စိတ်ကြိုက် မစားရဘူးဆိုရင် အိမ်မှာလည်း ကိုယ်တိုင် ချက်ပြုတ် ပြင်ဆင်နိုင်ပါတယ်။ ပါဝင်ပစ္စည်း သိပ်မများလို့ အလုပ်မရှုပ်ဘဲ အလွယ်တကူ လုပ်နိုင်မယ့် အားလူးထောင်းအတွက် ဘာတွေ လိုအပ်မလဲ။
လူ ၈ ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့…
ရေ – ၈ ခွက်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
အာလူး – ၂ ပေါင်
ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်း
နွားနို့ – 120 ml
ငရုတ်ကောင်း – အနည်းငယ် လိုပါတယ်။
အရင်ဆုံး ရေ ၈ ခွက်ကို ဆားအနည်းငယ်ထည့်ပြီး အိုးတလုံးထဲမှာ ဆူအောင်တည်ထားပါ။ အာလူးကို အခွံနွှာပြီး အတုံးလေးတွေတုံးကာ ရေအေးနဲ့ ဆေးချပါ။ အစေးတွေ ထွက်ပြီး သန့်သွားတဲ့အထိ ဒီအတိုင်း ၂ ခါ၊ ၃ ခါ လောက် လုပ်ပေးရပါမယ်။ သန့်သွားပြီဆိုရင် ပွက်ပွက်ဆူတဲ့ရေထဲ ထည့်ပြုတ်ပါ။
၁၅ မိနစ်ကြာရင် အာလူးတွေ ခရင်းနဲ့ထိုးကြည့်လို့ နူးသွားပြီဆိုရင် ရေစစ်ချပါ။ ပြီးရင် အိုးထဲမှာ ပြုတ်ထားတဲ့ အာလူးတွေကို အဝိုင်းပေါက်လေးတွေပါတဲ့ masher နဲ့ စချေပါ။ ချေနေတုန်း ထောပတ်၊ ငရုတ်ကောင်းနဲ့ ဆား အနည်းငယ်ထည့်ပါ။
ချေနေတာ အချိန်အနည်းငယ်ကြာသွားပြီဆိုရင် အပူပေးထားတဲ့ နွားနို့လောင်းထည့်ပါ။ ခရင်မ်လို နူးညံ့အိစက် သွားတဲ့အထိ စိတ်ရှည်လက်ရှည် ချေပေးဖို့လိုပါတယ်။
တဖြည်းဖြည်းနဲ့ ထည့်လိုက်တဲ့ပစ္စည်းတွေ ဆိမ့်ဝင်ပြီး နူးညံ့လာပြီဆိုရင် အရသာမြည်းကြည့်ပြီး ပေါ့နေရင် ဆားအနည်းငယ် ထပ်ထည့်ပါ။ နောက်ဆုံး ငရုတ်ကောင်းမှုန့် ကျန်တာဖြူးပြီး စားမယ့် ပန်းကန်လုံးထဲ ထည့်လိုက်ရင် အီဆိမ့်ဆိမ့်နဲ့ စားလို့ကောင်းတဲ့ အိမ်လုပ်အားလူးထောင်း ရပါပြီ။
အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်တဲ့အပြင်၊ ထည့်ရတဲ့ပစ္စည်းတွေလည်း နည်းလို့ အချိန်ကုန် သက်သာပြီး ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်တဲ့ အိမ်လုပ် “အားလူးထောင်း” လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
Ref: Jessica Gavin