လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းကတော့ ဂျပန်လူမျိုးတွေရဲ့ အဓိက အစားအစာက ထမင်းပါ။ ထမင်းကိုပဲ အဓိကထား စားခဲ့ကြပြီး ၁၉၆၂ မှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်လာခဲ့တာကြောင့် တအိမ်ထောင်ကို တနှစ် ဆန် ၁၁၈ ဒဿမ ၃ ကီလိုဂရမ်လောက်ထိ စားသုံးခဲ့ကြပါတယ်။
ယခုနှစ်ပေါင်း ၅၀ ကျော် ၂၀၁၆ မှာဆိုရင် တအိမ်ထောင်ကို ဆန် ၅၄ ဒဿမ ၄ ကီလိုဂရမ် ထက်ဝက်လောက်ထိ လျော့ကျသွားတာ မြင်တွေ့ရပါတယ်။ ဒါဟာ တနေ့စားနှုန်း ထမင်း ပန်းကန်လုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၉၆၂ ခုနှစ်မှာ ၅ ပန်းကန်ခွဲလောက် စားခဲ့ကြပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ၂ ပန်းကန်ခွဲလောက်ပဲ စားသုံးကြပါတော့တယ်။ ဘာကြောင့်ပါလဲ။
ဒီနေ့ခေတ်မှာတော့ ဂျပန် လူမျိုးတွေဟာ ထမင်းကို အဓိကထား မစားကြတော့ဘဲ နို့နဲ့ နို့ထွက် ပစ္စည်း၊ အသား၊ အဆီတွေ ပိုစားလာကြတယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
နှိုင်းယှဉ်ပြရရင် ၁၉၆၂ ခုနှစ်မှာ အဆီတွေကို ၅ ဒဿမ ၃ ကီလိုဂရမ်ကနေ ၂၀၁၆ မှာတော့ ၁၄ ဒဿမ ၂ ကီလိုဂရမ် ထိ စားနှုန်းတက်လာခဲ့သလို၊ အသားဆိုရင်လည်း ၇ ဒဿမ ၆ ကီလိုဂရမ် ကနေ ၃၁ ဒဿမ ၆ ကီလိုဂရမ်ထိ လည်းကောင်း၊ နို့နဲ့ နို့ထွက်ပစ္စည်းမှာတော့ ၂၈ ဒဿမ ၄ ကီလိုဂရမ်ကနေ ၉၁ ဒဿမ ၃ ကီလိုဂရမ်ထိ စားနှုန်း တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။
ထမင်းစားနှုန်း နည်းလာတာဟာ အနောက်နိုင်ငံတွေရဲ့ စားသောက်မှုပုံစံကို အတုခိုးလာကြပြီး ထမင်းစားများရင် ကိုယ်အလေးချိန်များလာနိုင်လို့ ပုံမှန်စားနေကျထက် လျော့စားရင်း ထမင်းစား နည်းတဲ့ အကျင့် ဖြစ်လာကြတာပါ။ ယခုခေတ်မှာ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် မလိုအပ်ဘဲ ကာဗွန်ဟိုက်ဒရိတ်ကို မစားကြတော့တဲ့ အလေ့အကျင့် ခေတ်စားလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၂၀၁၄ မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့လေ့လာချက်အရ ညနေစာကို ထမင်းစားတဲ့သူ အရေအတွက်ဟာ ထက်ဝက်လောက်ထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ အဓိက စားသောက်ကြတဲ့ အစားအစာတွေ ရွေးချယ်စရာ ပိုများလာလို့လည်း ဖြစ်နိုင်ပါတယ်။
မနက် အိပ်ရာနိုးတာနဲ့ ရုံးသွားဖို့ ပြင်ဆင်ရတဲ့ သူအတွက် မနက်စာကို ထမင်းချက်စားသွားဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း တခြားလုပ်ရလွယ်တဲ့ အစားအသောက်တွေ စားတဲ့ အကျင့် ဖြစ်လာကြတာပါ။
ဂျပန်နိုင်ငံက မိသားစုတစုချင်းစီရဲ့ ဝင်ငွေထွက်ငွေကို လေ့လာတဲ့အခါ ထမင်းအတွက် သုံးစွဲငွေထက် ပေါင်မုန့်အတွက် သုံးစွဲငွေ ပိုများသွားတာကို ၂၀၁၁ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ထမင်းအတွက် သုံးစွဲငွေ မသိမသာ ပြန်ပိုများသွားပေမယ့် ၂၀၁၃ ခုနှစ်ကစပြီး ပေါင်မုန့်အတွက် သုံးစွဲငွေပမာဏက ပိုများလာတာ ယခုချိန်ထိပါပဲ။
ဆက်စပ် သတင်းလင့်ခ်များ
- ဂျပန်နိုင်ငံ ရောက်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ ပင်လယ်စာ ၁၀ မျိုး
- နိုင်ငံတကာမှာ ခန္ဓာကိုယ် ကျန်းမာလှပအောင် ဘယ်လို စားသောက်ကြလဲ
- ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းသော အကြောင်းအရာများ
- ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက်
- Ref: Nippon