ဒီတပတ်တော့ ပျိုမေတွေအကြိုက် ချဉ်ချဉ်စပ်စပ် ယိုးဒယားသင်္ဘောသီးထောင်း လုပ်နည်းလေးကို ပြောပြပေး ချင်ပါတယ်။ ထိုင်းလို “ဆွန်တမ်” လို့ခေါ်တဲ့ ယိုးဒယားသင်္ဘောသီးထောင်းဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အစားအစာ စာရင်းဝင်ပါ။ ချိုချိုငန်ငန်စပ်စပ်အရသာကို တမျိုးတည်းနဲ့ ခံစားရတဲ့အစားအစာမလို့ လူတိုင်းအကြိုက်တွေ့ ကြတာ မဆန်းပါဘူး။
သင်္ဘောသီးထောင်း ၂ ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေက–
ကြက်သွန်ဖြူ – ၂ မွှာ (အကြီး)
ငရုတ်သီး – ၅ တောင့် (အစပ်ကြိုက်လျှင် ထပ်ထည့်နိုင်သည်)
မြေပဲလှော် – စားပွဲတင်ဇွန်း ၂ ဇွန်း
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း (ကြံသကာအစားထိုးနိုင်သည်)
သံပုရာသီး – ၂ လုံး
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီး – ၂ လုံး (အသေး)
သင်္ဘောသီးအစိမ်း – တဝက်
ပဲတောင့်ရှည် – အနည်းငယ်
ကော်ဖီထုပ် – အနည်းငယ် တို့လိုအပ်ပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် သဘောၤသီးအစိမ်းကို ရေသေချာဆေးပြီး ခြစ်တံနဲ့ ခြစ်ထားပါ။ သင်္ဘောသီးထောင်းမယ့် ငရုတ်ဆုံထဲ ခြစ်ထားတဲ့ သင်္ဘောသီးထည့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို အရင်ထည့်ထောင်းပါ။ ထောင်းနေတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ကွဲသွားပြီဆိုရင် ကြံသကာ၊ ငံပြာရည်နဲ့ သံပုရာရည်ညှစ်ထည့်ပါ။
အရသာအပေါ့အငံကို ကိုယ့်အကြိုက်ပေါ်မူတည်ပြီး လိုတိုးပိုလျော့ ထည့်နိုင်ပါတယ်။ ငရုတ်ဆုံထဲထည့်ထောင်း ရင်း နှံ့သွားပြီဆိုရင် မြေပဲလှော်ထားတာ ထည့်ပါ။ ပြီးရင် ပုဇွန်ခြောက်နဲ့ ခရမ်းချဉ်သီးကို လေးစိပ်စိပ်ပြီး ထပ်ထည့်ထောင်းပါ။
အားလုံးနှံ့အောင် ထောင်းပြီးပြီဆိုရင်တော့ အရသာမြည်းကြည့်ပြီး ကြိုက်ပြီဆို စားမယ့်ပန်းကန်ထဲ ထည့်ပါ။ ဘေးကနေ ပဲတောင့်ရှည်နဲ့ ကော်ဖီထုပ်လေးထည့်လိုက်ရင် အားလုံးအကြိုက်တွေ့မယ့် ချိုချိုချဉ်ချဉ်ရှုးရှဲအရသာ ယိုးဒယား သင်္ဘောသီး ထောင်း ရပါပြီ။
Ref: Eating Thai Food