ယနေ့ခေတ်မှာ အစားအသောက်ကောင်းတွေက ရွေးချယ်စရာများသလို သူမတူအောင် ဖန်တီးမှုတွေကလည်း အစားသရဲတွေကို ဆွဲဆောင်နေပါတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ်အတွင်း ပုံမှန်ထက်ကွဲထွက်ပြီး ထူးခြားဆန်းပြားတဲ့ မီနူး အသစ်တွေနဲ့ ဆွဲဆောင်ခဲ့တဲ့ အစားအသောက်တွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။
ဘီယာခေါက်ဆွဲ
ကြည့်လိုက်ရင်တော့ အမြှုုပ်တွေထွက်နေတဲ့ ဘီယာခွက်ထဲမှာ ခေါက်ဆွဲထည့်ထားတဲ့ ဟင်းပွဲလို့ ထင်ချင်စရာပါ။ တကယ်ကတော့ ဘီယာခွက်ထဲထည့်ပြီး အမြှုပ်ကို ကြက်ဥအကာရယ်၊ ဂျလတင်းရယ်ရောပြီး ဖန်တီးထားတဲ့ ရိုးရိုးသာမန်ခေါက်ဆွဲဟင်းပွဲပါပဲ။
နွေရာသီမှာ ရင်အေးစေမယ့် အစားအစာမီနူးအသစ်အဖြစ် ထူးခြားအောင် ဖန်တီးထားတဲ့ ဘီယာခေါက်ဆွဲကို မြည်စမ်းကြည့်ချင်တယ်ဆိုရင် ကနေဒါနိုင်ငံ၊ ဗန်ကူးပါးမှာ ဖွင့်လှစ်ထားပါတယ်။
အစိမ်းရောင် ငါးဥ (သို့) ပင်လယ်စပျစ်သီး
ဒီအစားအသောက်ဆန်းလေးကတော့ အခု နှစ်ထဲမှာခေတ်စားလာပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာပါ Trend တခုအနေနဲ့ ဖြစ်လာခဲ့တာပါ။ သာမန်ကြည့်လိုက်ရင်တော့ စပျစ်သီးအတွဲလေးတွေလို့ ထင်ရပေမယ့် တကယ်တမ်းတော့ ကမ်းရိုးတန်းဒေသတွေကရတဲ့ အစိမ်းရောင် အဲလ်ဂျေးမျိုးနွယ်ဝင်ပါ။
ဖိလစ်ပိုင်နဲ့ ဗီယက်နမ်မှာ လူသိများပြီး အစိမ်းအတိုင်းကို ရှာလကာရည်နဲ့ တို့စားလေ့ရှိကြပါတယ်တဲ့။ မဂ္ဂနီဆီယမ်ကြွယ်ဝလို့ ရုတ်တရက် နှလုံးခုန် ရပ်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ချိစ်အရသာ ငါးဥချောင်း
ပုံမှန်ဆိုရင် အသားတွေကိုပဲ အသားချောင်းအနေနဲ့ စီမံရောင်းကြပေမယ့် ထူးထူးဆန်းဆန်းအစားအသောက် တွေ ထုတ်လုပ်တတ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ချိစ်အရသာ ငါးအသားချောင်းကို ဈေးကွက်ထဲ ဖြန့်ချိထား ပါတယ်။ မြည်းကြည့်ရင် ပေးရတာနဲ့တန်အောင် ထူးခြားတဲ့အရသာကို ခံစားမိစေလို့ စိတ်မပျက်စေရပါဘူးတဲ့။
စည်သွပ်ပေါင်မုန့်
အစားအစာတွေကို ကြာရှည်ခံအောင် ထားချင်တဲ့အခါ ရှေးပဝေသဏီတည်းက စည်သွပ်ဘူးတွေထဲထည့်ပြီး ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ပေါင်မုန့်အညိုရောင်ကို စည်သွပ်ဘူးထဲထည့်ထားတဲ့ ဘူးတွေ ရှိလာပါပြီ။ ခရီးဝေးသွားမယ့်သူတွေအတွက်ရော၊ ပိတ်ရက်မှာ မိသားစုလိုက် Camp ထွက်မယ့် သူတွေအတွက်ပါ အဆင်ပြေစေမယ့် စည်သွပ်ဘူးပါ။
ဒီအတိုင်းစားလည်း အဆင်ပြေသလို ပူပူနွေးနွေးစားချင်ရင် မိုက်ကရိုဝေ့ထဲ ထည့်ပြီး အလွယ်တကူနွေးစားလို့လည်း ရပါတယ်။
Mint chocolate cake
ထူးထူးဆန်းဆန်း ပူရှိန်းအရသာကို အပေါ်က ချောကလက်အုပ်ထားတဲ့ ကိတ်မုန့်ကလည်း ၂၀၁၈ ရဲ့ အထူး ဆန်းဆုံး စာရင်းဝင်ပါ။ လန်ဒန်မြို့ထဲကနေ အရမ်းမဝေးတဲ့ ကော်ဖီဆိုင်မှာ ရနိုင်ပြီး စားဖူးတဲ့သူတွေကတော့ အရသာကောင်းတယ် လို့ ညွှန်းနေကြပါတယ်။
ဧရာမပေါင်မုန့်ကြီး
ပုံမှန်မြင်နေကြထက် အရွယ်အစားကြီးလွန်းတဲ့ ပေါင်မုန့်ကြီးကို ဗီယက်နမ်နိုင်ငံမှာ မြည်းစမ်းနိုင်မှာပါ။ လူဦးရေ များတဲ့ မိသားစုကြီးတွေအတွက် ရည်ရွယ်ထားတဲ့ ဒီပေါင်မုန့်ကြီးဟာ ၁ မီတာအရှည်ရှိပြီး အလေးချိန် ၂ ကီလို ကနေ ၃ ကီလို လောက်ထိ ရှိပါတယ်။
အချိုပွဲပန်းအိုး
အသစ်အဆန်းတွေ အမြဲဖန်တီးနေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နောက်ထပ်ထူးထူးဆန်းဆန်း မီနူးတမျိုးပါ။ အချို ပွဲအဖြစ် ရေခဲသုပ်ကို ပန်းအိုးထဲထည့်ပြီး ပြင်ဆင်ပေးထားလို့ အရမ်းလည်း ချစ်စရာကောင်းသလို အစစ်အတိုင်း ဖြစ်အောင် အရောင်အသွေးကအစ ဖန်တီးပြင်ဆင်ထားတာပါ။
Flower Bingsu လို့ အမည်ပေးထားတဲ့ ဒီအချို ပွဲပန်းအိုးလေးကို အစစ်နဲ့တူအောင် အနီရောင်ပဲစေ့တွေရယ်၊ ဆန်မုန့်ကိုသုံးပြီး အလှဆင်ထားပါတယ်။
အထူးအဆန်း ရေခဲမုန့်
နောက်ထပ် လန်ဒန်မှာ မြည်းစမ်းနိုင်မယ့် ထူးထူးဆန်းဆန်း မုန့်တမျိုးပါ။ မြင်နေကျ ရေခဲမုန့်တွေနဲ့မတူဘဲ မီးသွေး ကိုသုံးထားတဲ့ အမည်းရောင်ရေခဲမုန့်က မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာပါတဲ့။ အမည်းရောင် ရေခဲမုန့်လေး ဝယ်စားဖြစ်ရင် ဆိုရှယ်မီဒီယာပေါ် တင်ဖို့လည်း မမေ့ပါနဲ့တဲ့။
အပြာရောင်ခေါက်ဆွဲ
နောက်ဆုံးတမျိုးကတော့ ဂျပန်နိုင်ငံက ခေါက်ဆွဲဆိုင်တဆိုင်မှာရောင်းတဲ့ စိမ်းပြာရောင်ခေါက်ဆွဲတမျိုးပါ။ အရောင်အသွေးကလည်း မြင်သူတိုင်း ဆွဲဆောင်နိုင်သလို သဘာဝပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ သဘာဝ အရသာအတိုင်း မြည်းစမ်းနိုင်မှာပါ။
Ref: Brightside Me