ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ကင်မ်ချီဆို လူတိုင်း သိကြမှာပါ။ မြန်မာလူမျိုးတွေရဲ့ ပါးစပ်နဲ့ အဆင်ပြေတဲ့ ကိုရီးယားအစားအစာတွေကို ဆိုင်မှာသွားစားရုံတင် မဟုတ်ဘဲ အိမ်မှာပါ လုပ်စားကြည့်လာကြပါတယ်။ ဒီတပတ်တော့ ကိုရီယားကင်မ်ချီအဖြူ (White Kimchi) လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။
ပုံမှန်ကင်မ်ချီတွေက အစပ်ကဲထားလို့ အစပ် မစားနိုင်သူတွေ၊ ကလေးတွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် အစပ် မပါတဲ့ ကင်မ်ချီ လုပ်ပေးချင်တယ်ဆိုရင် ကင်မ်ချီအဖြူက ပိုအဆင်ပြေပါလိမ့်မယ်။
ကင်မ်ချီအဖြူလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
မုန်ညင်းထုပ်
ဆား
မုန်လာဥဖြူ
မုန်လာဥနီ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ကြက်သွန်မြိတ်
ဂျင်း
နှမ်း
ငရုပ်ပွ
သစ်ကြားသီး
ပန်းသစ်တော့သီး စသဖြင့် လိုအပ်ပါတယ်။
အရင်ဆုံး မုန်ညင်းထုပ်ကို လေးစိပ်စိတ်ပြီး ရေသေချာဆေးပါ။ ပြီးရင် ရေပြန်စစ်ပြီး ဆားအနံ့ဖြူးပြီး ၂ နာရီ ၃ နာရီလောက်ထားပါ။၂ နာရီလောက်ကြာရင် ဆားဖြူးထားတဲ့ မုန့်ညင်းထုပ်အစိပ်တွေကို ရေပြန်ဆေးပေးပါ။ ပြီးရင် ဘေးမှာ ရေပြန် စစ်ထားပါ။
ကင်မ်ချီထဲ ထည့်မယ့် မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သစ်ကြားသီး၊ ငရုပ်ပွတွေကို ပါးပါး လှီးပြီး ခွက်တခုထဲထည့်ထားပါ။ ကြိတ်စက်ထဲကို ပန်းသစ်တော့သီး၊ ကြက်သွန်နီ၊ ဂျင်း တို့ကို ရောကြိတ်ပေးပါ။ ဆားရေ ၄ ခွက်စာဖျော်ပြီး မွှေထားပါ။ ကြိတ်ထားတဲ့ အနှစ်တွေနဲ့ ဆားရေရောလိုက်ပြီး ဘေးမှာဖယ်ထားပါ။
ဆားရည်စိမ်ထားတဲ့ မုန်ညင်းထုပ်အစိတ်တွေပေါ် ပါးပါးလှီးထားတဲ့ အရွက်တွေနဲ့ တထပ်ချင်းစီ နှံ့အောင် လိုက်သုတ်လိုက်ပါ။ အားလုံးကုန်ပြီဆိုရင် ကင်မ်ချီစိမ်မယ့် ဘူးတခုထဲထည့်ပြီး အရည်ဖျော်ထားတဲ့ ဆားငံရည်ကို အပေါ်ကနေ လောင်းချပေးပါ။
အခန်းတွင်း အပူချိန်အတိုင်း အဖုံးလုံအောင်ပိတ်ပြီး သိမ်းထားပါ။ ၁ ရက်ခွဲကနေ ၃ ရက်အတွင်းဆို အချဉ်ပေါက် သွားတာမို့ ၃ ရက်ကျော်ရင် ရေခဲသေတ္တာထဲ ပြောင်းထည့်သိမ်းရပါမယ်။ အနည်းဆုံး ၁ လထိ အထားခံပြီး အစပ်အရသာ မပါတာမို့ ကလေးတွေပါ စားလို့ရမယ့် ကိုရီးယား ကင်မ်ချီအဖြူ သိပ်နည်းလေးကို ဖော်ပြရေးသား လိုက်ပါတယ်။
Ref: Maangchi