အဆိုတော် သားစိုးရဲ့ မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ “ရောသမစင်တာ”ဆိုတဲ့ အစားအသောက်ဆိုင်ကတော့ ပုံမှန်ရောင်းချနေတဲ့ အစားအသောက်ဆိုင်များနဲ့မတူ ထူးခြားစွာဖြင့် ဈေးနှုန်းသက်သာနေတဲ့အတွက် တချို့က မယုံကြည်နိုင်တဲ့အတွက် သားစိုးက မယုံရင် လာစားကြည့်ပါလို့ ဆိုလိုက်ပါတယ်။
“ဈေးနှုန်းကတော့ ကျနော်က အသက်သာဆုံး လုပ်ထားတဲ့အတွက်ကြောင့် မယုံဘူးဆိုရင် လာစားကြည့်ပါ။ ကျနော်ကတော့ အသက်သာဆုံ းလုပ်ထားပါတယ်။ ဈေးနှုန်းအရလည်း သက်သာရမယ်။ အရသာလည်း ကောင်းရမယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင်ပေးနေပါတယ်”
“ဒါကြောင့်ကျနော်တို့ ရောသမ Food Court ကို လာစားကြတဲ့ ပရိသတ်တွေကို ပြောချင်တာကတော့ စားလို့ကောင်းရင် မိတ်ဆွေတွေကို ပြောပေးပါ။ လိုအပ်ချက်တွေ ရှိခဲ့ရင် ကျနော်တို့ရဲ့ ရောသမစင်တာရဲ့ Page ကို ပြောလို့ရပါတယ်”လို့ သားစိုးက ပြောပါတယ်။
အစားအသောက်တွေ အားလုံးကိုတော့ သားစိုးရဲ့အမျိုးသမီးဖြစ်သူက ပြုလုပ်ပြီး အရသာပိုင်းနဲ့ ပတ်သက်ပြီး သားစိုးကိုယ်တိုင် ပြန်လည်စမ်းသပ်ပြီးတော့မှ ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ ကျနော်တို့က အစားအသောက်တွေကို အကျန် မထားဘူး။ လတ်ဆတ်အောင်လုပ်တယ်။ အရသာကိုလည်း ကိုယ်တိုင်စားကြည့်တယ်။ အန္တရာယ်ဖြစ်မယ့်ဟာတွေ မထည့်ဘူး။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ ဒီဈေးနှုန်းနဲ့ရအောင် လုပ်ပေးထားပါတယ်”
“ဈေးအကြီးကြီးယူပြီးတော့ လုပ်ထားတဲ့ စားသောက်ဆိုင် မဟုတ်တဲ့အတွက် တချို့လိုအပ်ချက်လေးတွေကို သည်းခံပြီး ပြောပြပေးပါ။ အစားအသောက်တွေကို ကျနော်က အရသာပိုင်းကို ပြန်စမ်းသပ်တယ်။ ဖော်မြူလာကတော့ အမျိုးသမီးဘက်က ထွက်တာပါ” လို့ သားစိုးက ပြောပါတယ်။
အနုပညာရှင်တယောက်က ဖွင့်လှစ်ရောင်းချတဲ့ အစားအသောက်ဆိုင်ဖြစ်တဲ့အတွက် နာမည်မပျက်ချင်တာကြောင့် အကောင်းဆုံးကြိုးစား လုပ်ကိုင်နေပြီး လိုအပ်ချက်တွေရှိရင်လည်း ပြောပြပေးပါလို့ ဆိုပါတယ်။
“အဓိကကတော့ ကျနော့်ရဲ့စားသောက်ကုန်တွေကို နာမည်မပျက်ချင်ဘူး။ အနုပညာသမားတယောက်ဖြစ်တဲ့အတွက် ပိုပြီးဂရုတစိုက် လုပ်တဲ့အတွက်ကြောင့် လိုအပ်ချက်တွေရှိရင်ပြောပြပေးပါ။ ကျနော်တို့က အများကြီးလည်း မချက်တတ်ပါဘူး။ ကိုယ်လုပ်တတ်တာလေးနဲ့ စားလို့ကောင်းအောင်လုပ်တာပါ။ လူမျိုးဘာသာမရွေး စားလို့ရအောင် ၊ တိုင်းပြည်မှာ အကြပ်အတည်းတွေဖြစ်နေတဲ့အချိန်မှာ သက်သက်သာသာနဲ့ ကောင်းကောင်းမွန်မွန်စားလို့ရအောင် ကြိုးစားပေးတာပဲရှိပါတယ်” လို့ သားစိုးကပြောပါတယ်။
ရောသမစင်တာမှာတော့ အဓိကအရောင်းရဆုံးမှာ ကော်ပြန့်စိမ်းဖြစ်ပြီး တလိပ်ကို ၂ရာကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ၊ အာလူးကြော် ၊ ဝက်လက်ထမင်း ၊ သင်္ဘောသီးထောင်း ၊ ကြက်ပင်စိမ်း ၊ ဝင်ပင်စိမ်း တို့ကိုလည်း ဈေးနှုန်းသက်သာစွာ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
သားစိုးကတော့ ယခုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းများကို အခြေချလုပ်ကိုင်လျက်ရှိပြီး “ရောသမနှပ် လက်ဖက်” ၊ “ရောသမစင်တာ” ၊ “ရွှေပိုးနန်းတော်” ၊ “တစ် နှစ် သုံး မီဒီယာ” စတဲ့ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကာ နောက်ပိုင်းမှာလည်း ထပ်မံချဲ့ထွင်သွားဖို့ရှိတယ်လို့ သိရပါတယ်။