ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အစားအစာဖြစ်တဲ့ ပင်စိမ်းကြက်သားကြော်ဟာ ဘန်ကောက်ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာပါ။ ပူပူနွေးနွေးကြော်ထားတဲ့ ပင်စိမ်းကြက်ကြော် အုပ်ထားတဲ့ ထမင်းပူပူလေးက ဟင်းတမယ်တည်းနဲ့ သင့်ကို ခံတွင်းမြိန်စေပါတယ်။ ချက်နည်းကလည်း လွယ်တာမို့ ကိုယ့်အိမ်မှာပဲ ချက်စားကြည့်နိုင်ဖို့ နည်းလမ်း မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေက —
ကြက်ရင်ပုံ
ကြက်သွန်ဖြူ
ငရုပ်သီး
ခရုဆီ
ပဲငံပြာရည်
ကြာညှို့
သကြား
ပင်စိမ်း
ကြက်ဥ
ကြော်ရန် ဆီတို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြက်ရင်ပုံကို သန့်စင်ပြီး အနေတော် အတုံးလေးတွေ တုံးထားပါ။ ငရုပ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုပ်သီးတို့ကို ထောင်းပါ။ အရမ်းညက်အောင် ထောင်းစရာ မလိုပါဘူး။ ပြီးရင် ပင်စိမ်းကို သင်ထားပါ။ ပင်စိမ်းကြက်သားကြော်ပေါ် တင်ဖို့ ကြက်ဥကို အရင်ကြော်ပြီး ပန်းကန်ထဲထည့် ခဏဖယ်ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြော်မယ့်ဒယ်အိုးထဲ ဆီထည့်ပါ။ ဆူပူလာပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းအနှစ်ကို အရင်ဆုံး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုရင် ကြက်သားတုံးထားတာ ထည့်ပါ။ ကြက်သားတုံးခြောက်သွားအောင် ၃ မိနစ်လောက် ကြော်ပြီး ရေအနည်းငယ် ထည့်လိုက်ပါ။
ပြီးရင် အရသာကောင်းအောင် ခရုဆီ၊ ပဲငံပြာရည်နဲ့ သကြားအနည်းငယ် ထည့်ပါ။ နောက်ဆုံး အသား နူးသွားပြီဆိုရင် ကြာညှို့အနည်းငယ် ထည့်လိုက်ပါ။ မီးဖိုပေါ်မှာ ကျန်နေတဲ့ မီးနဲ့ ချခါနီး ပင်စိမ်းအုပ်ပြီး အဖုံး အုပ်ထားလိုက်ပါ။ မီးဖိုပေါ် အကြာကြီးထားရင် အရသာပျက်သွားတတ်လို့ ခဏလောက်ထားပြီးတာနဲ့ မီးဖိုးပေါ်က ချပါ။
ထမင်းပူပူလေးပေါ်မှာ ပင်စိမ်းကြက်သားကြော်ရယ်၊ ကြက်ဥကြော်လေးပါ ထပ်ထည့်လိုက်ရင် ခံတွင်းမြိန်မယ့် ဟင်းတခွက် ရပါပြီ။
Ref: Eating Thai Food