အရောင်တွေက သင့်ကို အစားစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်နိုင်ပါသလား။ ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာချက်အရ အရောင်တွေက အစားစားချင်စိတ် ဖြစ်လာအောင် လုပ်နိုင်သလို၊ လျော့နည်းသွားအောင်လည်း လုပ်နိုင်စွမ်းတွေ ရှိပါတယ်။
မီးခိုရောင်ကတော့ အစားစားချင်စိတ် မရှိအောင် ထင်ဟပ်စေတဲ့ အရောင်ပါ။ ဒါကြောင့် စားသောက်ဆိုင်တွေမှာ မီးခိုးရောင်နဲ့ ပတ်သက်ပြီး သိပ်သုံးလေ့ မရှိသလို အစားအသောက်အရောင်တွေဆိုလည်း မီးခိုးရောင်ပါရင် စားသုံးသူကို စားချင်အောင် ဆွဲဆောင်နိုင်စွမ်း မရှိလို့ အသုံးပြုခဲပါတယ်။
အမည်းကလည်း အစားစားချင်စိတ် လျော့နည်းစေတဲ့ အရောင်ပါ။ စားသောက်ဆိုင်တွေမှာ သုံးလေ့ မရှိပေမယ့် သုံးဖြစ်ခဲ့ရင်လည်း တခြား အစားအသောက်တွေ ပေါ်လွင်အောင် အောက်ခံအဖြစ် အသုံးများပါတယ်။ အညိုရောင်နဲ့ ခရမ်းရောင်ဆိုရင်လည်း စားသောက်ဆိုင်တွေမှာ အသုံးနည်းတဲ့ အရောင်ဖြစ်သလို အိမ်က မီးဖိုးချောင်မှာလည်း သုံးလေ့ မရှိကြပါဘူး။
အပြာရောင်ကတော့ တည်ငြိမ်မှုကို ကိုယ်စားပြုတာမို့ အစားစားချင်စိတ် ဖြစ်စေတာထက် သက်သောင့်သက်သာနဲ့ အနားယူချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးလို့ အိပ်ခန်းတွေမှာ သုံးလေ့ရှိကြပါတယ်။
တချို့အေးအေးဆေးဆေး ထိုင်လို့ကောင်းအောင် ပြင်ဆင်ထားတဲ့ ဆိုင်တွေမှာတော့ အပြာရောင်ကို ရောသုံးလေ့ ရှိပါတယ်။ ကိုယ်အလေးချိန် လျော့ချမယ့်သူတွေဆိုရင် မီးဖိုချောင်မှာ အပြာရောင်များများပါတဲ့ ပန်းကန်တွေနဲ့ အသုံးအဆောင်တွေ ရွေးသုံးသင့်ပါတယ်။
စိမ်းပြာရောင်ကတော့ တခြားအရောင်တွေနဲ့ ကွဲထွက်ပါတယ်။ မြင်လိုက်တာနဲ့ကို အစားစားချင်စိတ် ဖြစ်ပေါ်စေပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုကို ကိုယ်စားပြုလို့ အထူးသဖြင့် အချိုပွဲ ကိတ်မုန့်တွေဆို ဒီအရောင် အသုံးများပါတယ်။ ညစာတွေ အပြည့်အဝ စားလိုက်လို့ ဗိုက်တင်းသွားတယ် ထင်ရင်တောင် အချိုပွဲမှာ ပန်းကန်တွေ ဒါမှမဟုတ်လည်း မုန့်အရောင်တွေက စိမ်းပြာရောင်ဖြစ်နေရင် ထပ်စားလို့ဝင်အောင် လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။
အစိမ်းရောင်ကိုတော့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အထူးသဖြင့် အသီးအရွက်နဲ့ ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေမှာ သုံးလေ့ ရှိပါတယ်။ သင်ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေပဲ ရောင်းချမှန်း သိအောင် အစိမ်းရောင်ကို များများသုံးခြင်းဖြင့်လည်း သွယ်ဝိုက်ပြီး ဖော်ပြနိုင်ပါတယ်။
အဝါရောင်က လူတွေရဲ့စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် စိတ်ညစ်နေသူတွေ၊ စိတ်ဓာတ်ကျနေသူတွေနဲ့ ဝမ်းနည်းနေသူတွေ ပျော်ရွှင်လာအောင် ဖန်တီးပေးချင်ရင် စားသောက်ဆိုင်မှာ အဝါရောင်များများ သုံးပေးသင့်ပါတယ်။
လိမ္မော်ရောင်ကတော့ ဦးနှောက်ကတဆင့် အစားစားချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ပေးသလို လန်းဆန်း တက်ကြွစေတဲ့ အရောင်ပါ။ အထူးသဖြင့် ခန္ဓာကိုယ် ကျန်းမာစေတဲ့ လိမ္မော်ရောင်ရှိတဲ့ ဆန်းကစ်သီး၊ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ဖရုံသီးတွေရဲ့ ကိုယ်စားပြုအရောင်ပေါ့။
နောက်ဆုံးဖြစ်တဲ့ အနီရောင်က အသွေးအသားထဲကကို ဆာလောင်အောင် လှုံ့ဆော်ပေးပါတယ်။ ဆာလောင်မှုကြောင့် နှလုံးခုန် မြန်လာမယ်၊ သွေးခုန်နှုန်းမြင့်လာတာတွေက အနီရောင်ရဲ့ လှုံ့ဆော်မှု သက်ရောက်တာပါ။ ဒါကြောင့်လည်း စားသောက်ဆိုင်တွေရဲ့ စားပွဲခုံအခင်းတွေကို အနီရောင် သုံးလေ့ ရှိတာပါ။ ။
Ref: Palermo’s Café & Bakery