ဒီတပတ်တော့ ရိုးရိုးရှင်းရှင်းနဲ့ အိမ်မှာအလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်မယ့်အပြင် အရသာလည်းရှိတဲ့ ဟင်းလျာချက်နည်းကို ဝေမျှပေးချင်ပါတယ်။ တရုတ်အစားအစာဆိုတာ ဟိုအရင်တည်းက မြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို ခုချိန်ထိလည်း နှစ်ခြိုက်စွာ ရွေးချယ်စားသောက်နေကြဆဲပါ။
တရုတ်ဟင်းလျာတွေထဲက စားသောက်ဆိုင် အရသာအတိုင်း အိမ်မှာ အလွယ်တကူ ပြင်ဆင်နိုင်မယ့် ခရမ်းသီးချဉ်စပ်ဟင်းနဲ့ ကြက်ဥ ဟင်းချိုချက်နည်းကို ပြောပြပေးသွားမှာပါ။ လိုအပ်တဲ့ပစ္စည်းတွေက —
ခရမ်းသီးချဉ်စပ်အတွက်
ခရမ်းသီး – အရွယ်တော် ၂ လုံး
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
ရှာလကာရည် – အနည်းငယ်
သကြား – အနည်းငယ်
ငရုပ်သီးစိမ်း – အနည်းငယ်
ပြောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုပ်ချက်ဆီ – လက်ဖက်ရည်ဇွန် းတဝက်
ဆား – အနည်းငယ်
ဟင်းချက်ဆီတို့ လိုပါတယ်။
အရင်ဆုံး ဟင်းချက် ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင် ခရမ်းသီးကို ဆားရည်ထဲ နာရီဝက်လောက် စိမ်ထားပါ။ နာရီဝက်ကြာရင် ရေစစ်ထားပြီး အနေတော်အတုံးတွေ တုံးထားပါ။ ခွက်အသေးတခုထဲမှာ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြား၊ ငရုပ်သီးစိမ်း ပါးပါးလှီးထည့်၊ ပြောင်းမှုန့်နဲ့ ငရုပ်ချက်ဆီတို့ကို ရောမွှေထားပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးကို မီးဖိုးပေါ်တင်ပါ။ ပူလာရင်ဆီထည့်ပြီး ဆီပူလာရင် ခရမ်းသီးကို အညိုရောင် သမ်းသွားတဲ့အထိ ၁၀ မိနစ်လောက် ကြော်ပေးရပါမယ်။ အညိုရောင်သမ်းပြီဆိုရင် ခုနက စပ်ထားတဲ့ အချဉ်ရည်ကို အပေါ်ကနေ လောင်းထည့်ပေးပါ။
အချဉ်ရည်တွေ ခရမ်းသီးကို စိမ့်ဝင်သွားတဲ့အထိ ခဏလောက် ထပ်ကြော်လိုက်ရင် ရပါပြီ။ စားနေကျ ခရမ်းသီးဟင်းတွေနဲ့လည်း မတူ တမူထူးခြားတဲ့ တရုတ်စတိုင် ခရမ်းသီး ချဉ်စပ်ဟင်းတခွက်က ထမင်းမြိန်စေမှာပါ။
ခရမ်းသီး ချဉ်စပ်နဲ့ တွဲဖက်စားဖို့ အကောင်းဆုံးကတော့ ကြက်ဥဟင်းချိုပါ။ ချဉ်စပ်အရသာကြောင့် ပူစပ်ပူလောင် ဖြစ်နေတာကို ထိန်းပေးမယ့် ကြက်ဥဟင်းချိုချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
ကြက်ဥဟင်းချိုအတွက်
ကြက်ပြုတ်ရည် – ၄ ခွက်
ဂျင်း – အနည်းငယ်
ကြက်သွန်မြိတ် – အနည်းငယ်
ဆား – အနည်းငယ်
ပြောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ကြက်ဥ – ၂ လုံး
ကြက်ဥအနှစ် – ၁ လုံး တို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြက်ပြုတ်ရည်ကို အနည်းငယ်ဖယ်ထားပြီး ကျန်တာအားလုံး အိုးထဲထည့်၊ ပွက်ပွက်ဆူအောင် တည်ပါ။ ပြုတ်ရည်အိုးထဲ အရသာအတွက် ဂျင်း၊ ကြက်သွန်မြိတ် နဲ့ ဆား အနည်းငယ်ထည့်ပါ။ ပြောင်းမှုန့်နဲ့ ဖယ်ထားတဲ့ ကြက်ပြုတ်ရည်တို့ကို ရောမွှေထားပါ။
ကြက်ဥ ၂ လုံးရယ်၊ အနှစ်ချည်းပဲသက်သက် ၁ လုံးရယ်ကို ပန်းကန်းလုံးတခုထဲထည့်ပြီး ခရင်းနဲ့ နှံ့အောင် မွှေပေးပါ။ ပြီးရင် ပွက်ပွက်ဆူနေတဲ့ ကြက်ပြုတ်ရည်အိုးထဲ ခရင်းခံပြီလောင်းချလိုက်ပါ။
ကြက်ဥထည့်ပြီးတာနဲ့ ပြင်ဆင်ထားတဲ့ ပြောင်းဖူးမှုန့်နဲ့ ကြက်ပြုတ်ရည်အရောကိုပါ ဆက်တိုက်လောင်းချပေးပါ။ ဒါဆိုရင် အလွယ်တကူ ပြင်ဆင်နိုင်သလို အရသာလည်းရှိတဲ့ ကြက်ဥဟင်းချိုတခွက်ရပါပြီ။
Ref: Allrecipes