သမိုင်းတလျှောက်မှာ လူတွေရဲ့ ပြောင်းလဲလာမှုဟာ အံ့သြစရာကောင်းလွန်းတယ်လို့ ပြောလို့ ရပါတယ်။ ဒီလိုပါပဲ အသီးအနှံတွေဟာလည်း ယုံကြည်နိုင်စရာ မရှိလောက်အောင်ကို ပြောင်းလဲလာခဲ့ပါတယ်။ လူသားတွေဟာ ပိုမိုကောင်းမွန်တဲ့ အရသာ ပိုမိုလှပတဲ့ ပုံစံတွေကို ရရှိဖို့ ကြိုးစားရင်းနဲ့ တဖြည်းဖြည်းပုံစံပြောင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
(၁) ဖရဲသီး
၁၇ ရာစုမှာ ရေးဆွဲထားတဲ့ ပန်းချီကားတခု ပေါ်ထွက်လာတဲ့ အခါမှာ ပန်းချီကားထဲမှာ ပါဝင်တဲ့ ဖရဲသီးဟာ ယနေ့ခေတ် ဖရဲသီးတွေနဲ့ အတော်လေးကွာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ယခင်က ဖရဲသီးဟာ အဖြူရောင် အသားများပြီး ထင်သလောက် မချိုပါဘူး။ စိုက်ပျိုးရေးပညာရှင်တွေရဲ့ မတူညီတဲ့ မျိုးစပ်မှုတွေကြောင့် ဖရဲသီးဟာ အနီရောင် အသားများပြီး အရည်ရွှမ်းလာပါတယ်။
(၂) ငှက်ပျောသီး
အရှေ့တောင်အာရှမှာ နေထိုင်သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တသောင်းကျော်တည်းက ငှက်ပျောသီးကို စားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးကို စတင် ကုန်သွယ်ကြတာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ ကျော်က စခဲ့တယ်လို့ သိရပါတယ်။ အဲဒီခေတ်က ငှက်ပျောသီးက ဒီခေတ် ငှက်ပျောသီးတွေလောက် အရသာ မရှိဘူးလို့ သိရပါတယ်။
(၃) သခွားသီး
ရှေးယခင် ဘိုးဘေတွေ လက်ထက်က သခွားသီးဟာ အဆူးတွေများပြီး အစေ့လည်း ပိုများပါတယ်။ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေလည်းပါလို့ သိပ်ပြီး မစားကြဘူးလို့ ဆိုပါတယ်။ အဲဒီသခွားသီးတွေကို ဆေးဖော်ဖို့ အတွက်သာ အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်မှာ စားသုံးနေတဲ့ သခွားသီးကိုတော့ လွန်ခဲ့တဲ့ နှစ် ၆၀၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ စတင်စားသုံးခဲ့ကြပါတယ်။
(၄) ထောပတ်သီး
ထောပတ်သီးကတော့ သမိုင်း မတင်မီနှစ်မှာကတည်းက အသုံးပြုနေကြတဲ့ အသီးဖြစ်ပါတယ်။ အဲဒီခေတ်တွေက ထောပတ်သီးမှာ အသားလွှာ ပါးပါးလေးသာ ပါဝင်ပြီး ၈၀ ရာခိုင်နှုန်းက အစေ့အနေနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ ပီရူးမှာရှိတဲ့ ဆေးဆရာတွေဟာ ဆေးဖော်စပ်တဲ့ အချိန်မှာသာ ထောပတ်သီးကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။
(၅) ခရမ်းချဉ်သီး
ယနေ့ခေတ်မှာ ဟင်းချက်တဲ့အချိန် မပါမဖြစ် အသုံးပြုနေတဲ့ ခရမ်းချဉ်သီးရဲ့ မူလအစ ပုံစံဟာ ဘယ်ရီသီးခြောက်ပုံစံ ဖြစ်တယ်လို့ သိရပါတယ်။ တောင်အာဖရိကမှာ စတင်ပေါ်ပေါက်လာတဲ့ အသီးဖြစ်ပြီး ဥရောပကို ရောက်ရှိလာတဲ့အခါ ဥရောပတိုက်သားတွေက အဆိပ်ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့် ဥရောပတိုက်သားတွေဟာ စားသုံးခြင်း မရှိဘဲ အိမ်တွေမှာ အလှဆင်တဲ့ အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။
Ref; brightside.com