ကိုရီးယားနိုင်ငံမှာတော့ နိုဝင်ဘာလဆိုတာ ဆောင်းဦးရာသီ လွန်လို့ ဆောင်းရာသီထဲကို ချဉ်းနင်း ဝင်ရောက်နေတဲ့ အချိန်ပါ။ တိုက်ခတ်လာတဲ့ လေအေးတွေကြောင့် ချမ်းအေးတဲ့ဒဏ်ကို အံတုနိုင်မယ့် ဆောင်းတွင်းနဲ့ အလိုက်ဖက်ဆုံး ကိုရီးယား အစားအစာတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ စာဖတ်သူတွေလည်း ဆောင်းရာသီမှာ တောင်ကိုရီးယားနိုင်ငံကိုသွားလည်ဖြစ်ခဲ့ရင် ဒီအစားအစာတွေ မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
(၁) Fish Cake Soup (Odengguk)
အေးမြတဲ့ ဆောင်းရာသီရဲ့ နေ့ရက်တွေနဲ့ အလိုက်ဖက်ဆုံး အစားအစာလို့ ဆိုရမယ့် ငါးအသားပြားဟင်းရည်ပါ။ ဟင်းချိုပူပူလေး မှုတ်သောက်ရင်း ငါးအသားပြားလေး ဝါးလိုက်ရတဲ့ အရသာက ချမ်းအေးနေတဲ့ သင့်ခန္ဓာကိုယ်ကို နွေးစေပါတယ်။ ဈေးလည်း မကြီးဘဲ လူတိုင်းစားနိုင်တဲ့ လမ်းဘေးစာမို့ ကျောင်းသားတွေနဲ့ လူငယ်တွေရဲ့အသည်းစွဲလို့လည်း ဆိုကြပါတယ်။ သူနဲ့ အလိုက်ဖက်ဆုံး အတွဲစပ်ကတော့ ပူစပ်စပ် အရသာ တော့ပုကီပါပဲ။
(၂) Baked Sweet Potatoes (Gungoguma)
လတ်လတ်ဆတ်ဆတ် ကန်စွန်းဥတွေကို မီးသွေးမီးနဲ့ သေချာဖုတ်ထားတဲ့ ကန်စွန်းဥမီးဖုတ်ကလည်း အေးမြတဲ့ ဆောင်းတွင်း ညနေဘက်အတွက် အသင့်တော်ဆုံး အစားအစာတမျိုးပါ။ ဆိုင်ဘေးက ဖြတ်လျှောက်သွားသူတိုင်း အနံ့ရရုံနဲ့ စားချင်စိတ်ဖြစ်စေသလို တကိုက်ကိုက်လိုက်တာနဲ့ ခန္ဓာကိုယ် နွေးထွေးသွားစေမယ့် ကန်စွန်းဥ မီးဖုတ်ပါ။
(၃) Cinnamon Sugar Pancake (Hotteok)
အငွေ့တထောင်းထောင်း ထနေတဲ့ ပန်ကိတ်ကလည်း စားကြည့်လိုက်ရင် ချိုမြမြလေးနဲ့ စွဲမက်စရာပါ။ သေချာ နယ်ထားတဲ့ ဂျုံသားထဲကို ပျားရည်၊ သကြား၊ အစေ့အဆန်တွေနဲ့ သစ်ကြံပိုးခေါက်မှုန့် ဌာပနာထားတဲ့ ပန်ကိတ်ကို တခါမြည်းစမ်းရုံနဲ့ တသက်စွဲစေမယ်လို့ ဆိုကြပါတယ်။
(၄) Red Bean Filled Pastry (Bungeoppang)
ငါးပုံဖော်ထားတဲ့ ဒီကိုရီးယား လမ်းဘေးစာကို နေရာတော်တော်များများမှာ အတွေ့ရများပါတယ်။ ငါးပုံဖော်ထားတဲ့ ခွက်လေးထဲမှာ ဂျုံရယ်၊ အတွင်းထဲကို ပဲနီစေ့တွေ ဌာပနာထားတဲ့ အချိုမှုန့် ပူပူလေးက အပြင်ပုံပန်းသဏ္ဍာန် ဆွဲဆောင်မှု ရှိရုံတင် မဟုတ်ဘဲ စားကြည့်လိုက်တာနဲ့ ခန္ဓာကိုယ်တခုလုံး နွေးထွေးသွားစေမှာပါ။
(၅) Steamed Bun (Hoppang)
ပေါင်းအိုးပေါ်မှာတင်ထားတဲ့ ပေါက်စီ ပူပူနွေးနွေးကလည်း မနက်ဘက် အလုပ်သွားနေရင်း လမ်းမှာ စားသွားလို့ရသလို ညနေ အလုပ်ကအပြန် အဆာပြေစားနိုင်တဲ့ ဆောင်းတွင်းဘက်နဲ့ အလိုက်ဖက်ဆုံး အစားအစာပါ။ အတွင်းထဲမှာ အမျိုးစုံ ဌာပနာထားတာကြောင့်လည်း ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
(၆) Egg Bread (Gyeranppang)
ကြက်ဥပေါင်မုန့်ကြော်တွေကလည်း ချမ်းအေးတဲ့ ဆောင်းတွင်းနဲ့ အလိုက်ဖက်ဆုံးအစားအစာပါ။ ကြက်ဥကို ရွှေအိုရောင်ဖြစ်အောင်ကြော်ထားတဲ့ ကြက်ဥပေါင်မုန့်ကြော်က မြင်သူတိုင်းကို စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ အစားအစာပါ။
(၇) Roasted Chestnuts (Gunbam)
ဒီရာသီဆို ပေါ်လာတတ်တဲ့ လမ်းဘေးစာတမျိုးဖြစ်တဲ့ သစ်အယ်သီးလှော်ကလည်း မဖြစ်မနေ မြည်းစမ်း ကြည့်သင့်တဲ့ အစားအစာပါ။ ကိုရီးယားကို သွားလည်မယ်ဆိုရင် လမ်းဘေးမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ သစ်အယ်သီးလှော်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းထားပါတယ်။
ရွှေအိုရောင်သမ်းပြီး ဆိမ့်မွှေးနေတဲ့ သစ်အယ်သီးလှော်ရဲ့ အရသာကို ကိုယ်တိုင် မြည်းစမ်းကြည့်မှပဲ သိနိုင်မှာပါတဲ့။
Ref: Allkpop