ဝိုင်နီတခွက်က ကျန်းမာရေးကို အထောက်အကူ အများကြီး ပေးနိုင်တယ်ဆိုတာ သင်သိပါလား။ နိုင်ငံတော်တော်များမှာ နေ့တိုင်းနီးပါး ညစာစားရင်း ဝိုင်နီတခွက် သုံးဆောင်လေ့ရှိကြပါတယ်။ သန့်စင်ထားတဲ့ စပျစ်သီးတွေကို အချဉ်ဖောက်ထားတဲ့ အရည်မို့ ကျန်းမာရေးအတွက် အထူးသင့်တော်တာ မထူးဆန်းပါဘူး။
ဝိုင်နီမှာ လူကိုအကျိုးပြုတဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ ခရိုမီယမ်နဲ့ ရူဘီဒီယမ်တို့ ပါဝင်တယ်လို့ဆိုပါတယ်။ ပါဝင်တဲ့ဓာတ်ပစ္စည်းတွေက အထူးသဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် သွေးတွင်းအဆီဓာတ်ကို လျော့ကျစေရုံသာမက သွေးကြော ပိတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကလည်း နှလုံးကြွက်သားတွေကို သန်မာစေပါတယ်။ အနီရောင်သွေးဆဲလ်တွေ တိုးပွားတာကြောင့် ဟေမိုဂဘိုဘင် (Haemoglobin) မြင့်တက်ပြီး သွေးအားနည်းရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။ ဒါကြောင့် ညစာစားတဲ့အခါ ဝိုင်နီတခွက် အတူတွဲသောက်မယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။
ညစာစားတဲ့အချိန် ဝိုင်နီတခွက် သောက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်ခြင်းကနေ လျော့ကျစေတဲ့ အချက်ကို သိပ္ပံနည်းအရ သက်သေပြနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ငါးတွေမှာပါတဲ့ အိုမီဂါ-၃ အတိုင်း ထပ်တူ ပါဝင်နေပြန်ပါတယ်။
Flavonoids ဓာတ်ဟာ ဝိုင်နီအပြင် စတော်ဘယ်ရီနဲ့ ချောကလက်တို့မှာလည်း ပါဝင်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတာကြောင့် အဆင့် ၂ ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ တနေ့ကို ဝိုင်နီတခွက် သောက်ပေးရင် သွေးပေါင်ချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။
နောက်ထပ် အကျိုးကျေးဇူးတွေက လေမဖြတ်နိုင်အောင် လျော့ချပေးတာပါ။ အထူးသဖြင့် ဒုတိယ အကြိမ်မြောက် လေဖြတ်ပြီး ဦးနှောက်ကို မထိခိုက်ရအောင် နေ့စဉ် ဝိုင်နီတခွက်တော့ သောက်ပေးသင့်ပါတယ်။ အသက်ကြီးလာတဲ့အခါ မျက်လုံးကြွက်သား အားနည်းခြင်းကြောင့် အမြင်အာရုံ လျော့နည်းတာမျိုးကို ဟန့်တားပေးနိုင်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။
ဝိုင်နီထဲမှာ ပါတဲ့ ဓာတုဓာတ်ပေါင်း တမျိုးဖြစ်တဲ့ Phenolic က အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးသလို အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါသေးတယ်။ အဆုတ်ရဲ့လုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုတာကြောင့် အဆုတ်ကင်ဆာမဖြစ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် နေ့စဉ် ဝိုင်နီတခွက်သောက်ရင် ဆီးကြိတ်ကင်ဆာနဲ့ အသည်းကင်ဆာကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။
နောက်ဆုံး တချက်ကတော့ နေ့စဉ် ဝိုင်နီတခွက် သောက်တာဟာ စိတ်ကျရောဂါဖြစ်ခြင်းကို လျော့ကျစေပြီး စိတ်ပျော်အောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့သူတွေကို တနေ့ ဝိုင်တခွက်လောက် သောက်ရုံ ဦးနှောက်ကနေ ပျော်ရွှင်စေမယ့် စိတ်ခံစားချက်တွေ ထွက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဝိုင်နီနဲ့ ဝိုင်ဖြူ ယှဉ်ရင်တောင် ဝိုင်နီမှာ ဦးနှောက်အာရုံကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုအထောက်အကူ ပြုပါတယ်။
ဝိုင်နီထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အထောက်အကူပြုတာမို့ တခြားသူတွေထက် နေ့စဉ် ဝိုင်နီသောက်သူတွေက အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေသလို သွေးလည်ပတ်မှုအားပါ ပိုကောင်းစေတာမို့ အသက်ကြီးလာတဲ့အခါ သွေးခဲမှုကြောင့် ဖြစ်လေ့ရှိတဲ့ အတိတ်မေ့ရောဂါမဖြစ်အောင်ပါ တားဆီးပေးနိုင်ပါတယ်။
Ref: Better Me