အကယ်၍ သင်က အရှေ့ဘက်နယ်စပ်တွင် မြန်မာနိုင်ငံ၏ အသေးဆုံးပြည်နယ်ဖြစ်သည့် ကယားပြည်နယ်သို့ ရောက်ဖူး သည်ဆိုလျှင် ရိုးရာ ခေါင်ရည် တခွက် သို့မဟုတ် တပုလင်းလောက်ကို မြည်းစမ်းကြည့်ဖူးမည်မှာ သေချာပါသည်။ ကယား ပြည်နယ်တွင် ကယန်း ဆန်ဝိုင် သို့မဟုတ် ခေါင်ရည်ကို အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များက မင်္ဂလာဆောင်၊ ကောက်ရိတ်သိမ်းပွဲနှင့် ဘာသာရေးပွဲတော်များကဲ့သို့သော ထူးခြားသည့် အခါများတွင် သောက်ကြသည်။ သစ်သားနှင့်ပြု လုပ်ထားသည့် ကယန်းမီးဖိုချောင်အတွင်းမှ မီးခိုးတလူလူနှင့် မီးဖိုတခုဘေးတွင် ဝိုင်းပတ်ထိုင်ရင်း ခေါင်ရည်ကို ဝါးပိုက်နှင့် စုပ်ယူသောက်ရခြင်းက ကယားပြည်နယ်သို့ရောက်လာသော ဧည့်သည်များအတွက် ကယန်းဘဝ အတွေ့အကြုံကို ခံစားရန် အကောင်းဆုံးသော ဥပမာတခုဖြစ်ပါသည်။
ထို့ကြောင့် ခေါင်ရည်ဆိုသည်မှာ အဘယ်နည်း။ ရိုးရာနည်းအရ ဖောက်သည့် ခေါင်ရည်ကို ကောက်ညှင်းဆန်၊ ကောက်ပဲ သီးနှံများ နှင့် ရေကိုရော၍ ပြုလုပ်သည်။ ၃ ပတ်ခန့် အချဉ်ဖောက်ရန် ကြီးမားသော မြေစေးအိုးတခုအတွင်းသို့ မထည့်သွင်းမီ ၎င်းတို့ကို ရေနွေးငွေ့ဖြင့် ပေါင်းရသည်။ ပန်းရောင်ဖျော့ဖျော့သို့ ပြောင်းလဲလာသည့် အရည်က အနည်း ငယ်အမြှုပ်ထပြီး မိမိနှုတ်ခမ်းကို လျှာဖြင့် ပြန်တို့စမ်းကြည့်ပါက ချိုသည်။ အယ်လ်ကိုဟော ပါဝင်မှုအတိုင်းအတာကို အတိအကျ မသိရ သော်လည်း သာမန်ဖောက်ထားသည့် ခေါင်ရည်က အယ်လ်ကိုဟော ၁၇ မှ ၁၈ ရာခိုင်နှုန်းအတွင်း ပါဝင်သည်ဟု ယူဆရ သည်။ ပို၍ အချဉ်ပေါက်စေရန် အချိန်ကြာကြာပိုထားပါက ပို၍ပြင်းလာသည်။
ကယန်းနှစ်သစ်ကူးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်တော့မည့် အချိန်၌ ရန်ကုန်မြို့ရှိ တခုတည်းသော ကယန်းစား သောက်ဆိုင်ဖြစ်သည့် Vista Do Rio က ကယန်းရိုးရာ ခေါင်ရည်ပွဲတော်ကို ယခုသီတင်းပတ်ကုန် နိုဝင်ဘာ ၁၇ နှင့် ၁၈ ရက် များတွင် ပြုလုပ်တော့မည် ဖြစ်သည်။ ၅ မျိုးထက် မနည်းသည့် ခေါင်ရည်များကို ကယန်း အထူးအစားအစာ မီနူးနှင့် အတူ စမ်းသပ်ကြည့် နိုင်ပါသည်။ စားသုံးသူများ၏ အားပေးမှုအပေါ် အသိအမှတ်ပြုခြင်းကို ပြသရန်အတွက် ဝိုင်းတိုင်းတွင် ရိုးရာ ဟင်းလျာတပွဲကို မေတ္တာလက်ဆောင် တည်ခင်းပေးသွားမည် ဖြစ်ပါသည်။
“ကျနော်တို့က ပြည်သူတွေကို ကယန်းယဉ်ကျေးမှုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါက တိမ်မြုပ်နေတုန်းပဲ။ အဲဒါကြောင့် ကျနော်က ယဉ်ကျေးမှု၊ သူတို့ရဲ့ အစားအစာ၊ အံ့သြဖွယ်ရာကောင်းတဲ့ ငရုပ်သီးနဲ့ အဲဒီမှာသူတို့ စိုက်ပျိုးတဲ့ ပါဝင်ပစ္စည်း တွေကို မြှင့်တင်ပေးချင်ပါတယ်” ဟု Vista Do Rio ၏ ပိုင်ရှင်နှင့် မန်နေဂျာဖြစ်သူ ကိုဇေယျာမင်းက ပြောသည်။
ခေါင်ရည် ပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသထားသည့် ဗီဒီယိုတခုကို ပြသမည်ဖြစ်ပြီး သူ၏ ဆုရရုပ်ရှင် ဖြစ်သည့် ကယန်းအလှ ဇာတ်ကားကို ပြသရန်အတွက် ကျော်ကြားသည့် ရုပ်ရှင် ဒါ ရိုက် တာ ဦးအောင်ကိုလတ်လည်း လာရောက် လိမ့်မည်ဟု ကောလာဟလ ထွက်ပေါ်နေပါသည်။ ဖျော်ဖြေရေးကို ည ၇ နာရီတွင် စတင်မည် ဖြစ်သည်။
Vista Do Rio မှ ခေါင်ရည်ကို လွိုင်ကော်တွင် ပြုလုပ်ပြီး ရန်ကုန်သို့ ရက်အနည်းငယ်ကြာတိုင်း အသုတ်လိုက်ပို့ပေးသည်။ ကယန်း အစားအစာကို စွဲလမ်းနှစ်ချိုက်သည့် မြန်မာ အမျိုးသားတယောက်ဖြစ်သော ကိုဇေယျာမင်းက ခေါင်ရည် ပြုလုပ် ခြင်း ကို နှစ်ပေါင်းများစွာ ဂရုတစိုက် သုတေသနပြုလုပ်ခဲ့သည်။ သွားရေစာများနှင့် တွဲဖက်၍ ဖြည်းဖြည်းချင်းသောက်ခြင်း က အ ကောင်းဆုံးဖြစ်သည်ဟု သူကပြောသည်။
ခေါင်ရည် ၅ မျိုးထဲမှ ပထမဆုံးတခုမှာ Visto Do Rio ၏ မီနူးတွင် ပုံသေပါဝင်နေကျဖြစ်သည့် မူရင်းခေါင်ရည် ဖြစ်သည်။ ၎င်း ကို ဆန်နှင့် ကောက်ပဲသီးနှံရောနှော၍ ပုံမှန်အားဖြင့် ၃ ပတ်ကြာ အချဉ်ဖောက်ပြီးနောက် ပထမဆုံး အသုတ် ထုတ် ယူထား သည့် ဝိုင်ဖြင့် ပြုလုပ်ထားသည်။ အရသာက ချို၍ သစ်သီး အရသာနှင့် အနည်းငယ်ဆင်သည်။ လည်ချောင်းထဲ တွင် အပူ တခု ကျန်ရစ်ခဲ့သည်။
ခေါင်ပူက မူရင်းဝိုင်ထက် အနည်းငယ်ပျော့သည့် အမျိုးအစားဖြစ်ပြီး ရေနွေးပူနှင့် ရောစပ်ထားခြင်းက အလွန်ကွဲပြား၍ ပိုချိုမြသော အနံ့အရသာကိုပေးသည်။ အလွန်အေးမြသည့် ကယားပြည်နယ်၏ ဆောင်းရာသီများ အတွင်း တွင် အထူး ပင်လူကြိုက်များ၏။ ခေါင်ပူ သို့မဟုတ် ဆန်ဝိုင်ဖြူကို ကွဲပြားသော ဆန်အမျိုးအစားတခုကို အသုံးပြု၍ ၁၈ ရက် သာ အချဉ် ဖောက်ထားသည်။ ဂျုံမုန့်အရသာရှိပြီး ၃ ရက်မှ ၄ ရက်အတွင်းသာ လတ်ဆတ်သည်။ ထားလဲ့ဆန်ဝိုင် (ထားလဲ့ခေါင်)သည် ၎င်း၏ မူလဇစ်မြစ်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ပျားရည်နှင့်တူသော အနံ့အရသာရှိသည်။ စုပ်ခေါင်က မိတ် ဆွေသူငယ်ချင်းများနှင့် မျှဝေသောက်သုံးပါက ပျော်စရာ ဖြစ်သည်။ အဆိုပါ စုပ်ခေါင်ကို ဝါးကျည်တောက် တွင်ထည့်၍ တည်ခင်းပြီး ဝါးပိုက်ငယ်များဖြင့် စုပ်၍ သောက်ရသည်။ အတွင်းတွင် ကွဲပြားသည့် အလွှာ ၃ ခုပါဝင်ပြီး ထိပ် ပိုင်းကို စုပ်ယူပါကနွေးထွေးသည့် အရသာရှိသည်။ အနံ့ပြင်း၍ ခြောက်သွေ့သည်။ အလယ်ပိုင်းတွင် အရသာပိုပြင်းလာ သည်။ အောက်ဆုံးအလွှာက ကွဲပြားခြားနား၍ မြေကြီး အနံ့အရသာမျိုးဖြစ်သည်။
သူ၏ ဇနီးသည်က ကယားပြည်နယ် သို့သွားသည့် ခရီးစဉ်တခုမှနေ၍ ရိုးရာ ဝက်အူချောင်းလက်ဆောင်များဖြင့် ပြန်ရောက် လာသည့် အချိန်တွင် Vista Do Rio အတွက် ကိုဇေယျာမင်း စိတ်ကူးရခဲ့သည်။ သူက ဝက်အူချောင်း အလွန်ကြိုက်သည်။ ကယန်းအစားအစာများကို ပိုမိုရှာဖွေရန် ကယားပြည်နယ်သို့ ခရီးထွက်ရန် လှုံ့ဆော်မှုတခု ဖြစ်ခဲ့သည်။ ကယားပြည်နယ် ကျေးလက်တလျှောက် ကြာရှည်၍ နှေးကွေးသော ခရီးစဉ်တခုကို ကိုဇေယျာမင်း စတင်ခဲ့သည်။ ကျေးရွာသူ ကျေးရွာသား များထံမှ ဟင်းချက်နည်းများကို သင်ယူသည်။ တကြိမ်တွင် ရက်ပေါင်းများစွာ ခြေလျှင်သွားခဲ့သည်။ လမ်းကြောင်းတ လျှောက်တွင် စခန်းချနေခဲ့သည်။ မုဆိုးများနှင့် ပူးပေါင်း၍ တောတွင်းတွင် ရက်အတော်များများကြာသည် ခရီးစဉ်များ ကိုပင်သွားရောက်ခဲ့သည်။
“ကျနော် ရွာသားတွေနဲ့ တူတူနေတယ်။ သူတို့နဲ့ တူတူစားတယ်။ နောက်ပြီးတော့ မီးဖိုချောင်ထဲဝင်ပြီးတော့ သူတို့ ဘယ် လို ချက်သလဲဆိုတာကြည့်တယ်။ ကျနော့်ကို သင်ပေးဖို့ သူတို့ကို တောင်းဆိုတယ်။ နောက်နေ့မှ ကျနော်က သူတို့အတွက် ချက်ပြီးတော့ အရသာဘယ်လိုနေသလဲလို့ သူတို့ကိုမေးတယ်။” ဟု ကိုဇေယျာမင်းက ပြောသည်။
၂၀၁၇ ခုနှစ်တွင် သူက အကောင်းဆုံး ကယန်း ဟင်းလျာများကို ရန်ကုန်မြို့ သုဝဏ္ဏမှ မြစ်ကမ်းပါးပေါ်ရှိ ပန်းခြံသဖွယ်နေ ရာတွင် ရှိသော သူ၏ စားသောက်ဆိုင်သစ်၏ စားသောက်ဖွယ်ရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။
Vista Do Rio ၏ မမေ့နိုင်စရာ ဟင်းပွဲများတွင် ကယားဝက်အူချောင်း၊ ဝါးတွင်ထည့်ချက်သော အမဲသား၊ လတ်ဆတ် သည့် ကယန်း သခွားသီးသုတ် နှင့် နွေဦးအရသာ ဝက်နံရိုး၊ လက်ပံပွင့်နှင့် ပဲငပိထောင်း တို့ အပါအဝင် ဖြစ်သည်။ ခေါင် ရည်ပွဲတော်အတွက် ခေါင်ရည်နှင့် အတူတွဲ၍ အထူးဟင်းလျာစာရင်းတွင် ငါးရှဉ့် ကြပ်တိုက်နှင့် ကြက်သွန်မြစ်ကြော်၊ ပိန်းဥကြော်နှင့် အမဲသားထောင်းတို့ ပါဝင်ပြီး အားလုံးက ခေါင်ရည်နှင့် အလွန် လိုက်ဖက်ပါသည်။
ကယန်းရိုးရာ ခေါင်ရည်ပွဲတော် သတင်းအသေးစိတ်ကို ဤနေရာတွင် ကြည့်ပါ။
(Cheers to Traditional Kayan Rice Wine ကို ဆီလျော်အောင် ဘာသာပြန်သည်။)