ဒီတပတ်တော့ စားလိုက်တာနဲ့ ကြွပ်ကြွပ်ရွရွလေး အဆာပြေပဲစားစား၊ ဟင်းအဖြစ်ပဲလုပ်စားစား အဆင်ပြေတဲ့ ဝက်ခေါက်ကြော်လုပ်နည်းကို ပြောပြပေးချင်ပါတယ်။ အပြင်က ဝယ်စားတာ အာသာမပြေလို့ ကိုယ်တိုင်လုပ် ကြည့်မယ်ဆိုရင်လည်း လုပ်ကြည့်နိုင်တာမို့ ပိတ်ရက်မှာ ဝက်ခေါက်ကြော်လေး စမ်းလုပ်ကြည့်ရအောင်။
အရင်ဆုံး ဝက်ခေါက်လုပ်ဖို့ အဆီနဲ့ တွဲနေတဲ့ သုံးထပ်သား အဆီတုံးတွေကို ဈေးထဲကနေ ဝယ်ပါ။ ဝယ်ပြီး ၃ ရက် အတွင်းလုပ်မှ အစိုဓာတ်များမှာမို့ လတ်လတ်ဆတ်ဆတ် ပိုရှိစေပါတယ်။ ဝယ်လာတဲ့ အဆီတုံးတွေကို ၁ လက်မ ပတ်လည် အတုံးလေးတွေ တုံးလိုက်ပါ။
၁ လက်မ ပတ်လည် တုံးထားတဲ့ အဆီတုံးတွေကို ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲမှာ အနည်းဆုံး ၁ နာရီကြာအောင် ပြုတ်ပေးပါ။ ၁ နာရီလောက်ပြုတ်ပြီးရင် အိုးထဲက ရေတွေကိုသွန်ပြီး ရေစစ် အအေးခံထားပါ။ ပြုတ်ထားတာတွေ အေးသွားပြီဆိုရင် အဆီတွေ ခဲသွားအောင် ရေခဲသေတ္တာထဲ ၄ နာရီကြာအောင် ထည့်ပြီး အေးခဲထားပါ။
အေးခဲထားတဲ့ အဆီတုံးတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး ဇွန်းနဲ့ဖြစ်ဖြစ်၊ ဓားနဲ့ဖြစ်ဖြစ် အခေါက်တွေပဲ ကျန်အောင် အဆီတွေ ဖယ်ထုတ်လိုက်ပါ။ ဒီနေရာ အဆီတွေ မဖယ်ထုတ်ပဲ ထားလိုက်ရင် ဝက်ခေါက်ကြော် မဖြစ်ဘဲ ဝက်ဆီဖတ် ဖြစ်သွားပါလိမ့်မယ်။
ပြီးရင် ကင်တဲ့ ဆန်ခါပေါ်မှာ အောက်က ခဲစက္ကူခံပြီး ဝက်ခေါက်တွေကို နည်းနည်းခြားပြီး စီထားပါ။ Oven ကို အပူချိန် ၁၇၀ – ၁၈၀ ဖာရင်ဟိုက်ကြား ထားပြီး ၈ နာရီကြာ ဝက်ခေါက်ထဲက ရေကုန်သွားအောင် အခြောက်ခံပါ။
Oven ကို အပူချိန်လျော့ချလိုက်ပြီး နောက်ထပ် ၂ နာရီလောက်ကြာအောင် ရေတွေလုံးဝကုန်ပြီး ခြောက်သွား တဲ့အထိ ထားရပါမယ်။ Oven မရှိဘူးဆိုရင် နေရောင်နဲ့လည်း အခြောက်ခံလို့ ရပါတယ်။ အပူချိန်ပေါ်မူတည်ပြီး ၂ ရက်၊ ၃ ရက်လောက် အခြောက်ခံထားရပါတယ်။ တကယ်လို့ ၃ ရက်လောက်နဲ့ မရသေးရင် အစိုဓာတ် မရှိတော့တဲ့အထိ ဆက်အခြောက်ခံပါ။
ဝက်ခေါက်တွေ ခြောက်သွားပြီဆိုရင် ကြော်ပါမယ်။ အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီ ၃ ပုံ ၁ ပုံလောက်ထည့်ပြီး အပူချိန်ကို ၄၀၀ ဖာရင်ဟိုက်လောက်အထိ ထားကာ အကြွပ်ကြော်ရပါမယ်။ ဆီထဲ ထည့်လိုက်တာနဲ့ စက္ကန့်ပိုင်းလောက်အတိုင်း အသံထွက်လာပြီး ဆီပေါ်တက်လာပါလိမ့်မယ်။ ကြွပ်ကြွပ်ရွရွလေး စားချင်ရင်တော့ မိနစ်အနည်းငယ် ကြော်ပေးရပါမယ်။
ကြော်ထားတဲ့ ဝက်ခေါက်ကြော်တွေ ဆီစုပ်သွားအောင် ကြော်ပြီးတာနဲ့ အဆီစုပ် စက္ကူပေါ်တင်ပြီး အအေးခံထားပါ။ အဆီစုပ်သွားပြီဆိုရင် အောက်က ဆန်ခါပေါက်လေးတွေပါတဲ့ ဗန်းပေါ် တင်ထားလိုက်ရင် ရပါပြီ။ များများကြော်ထားပြီး လေလုံတဲ့ ဘူးတခုထဲ ထည့်ပြီး သိမ်းထားနိုင်ပါတယ်။
Ref: Bacon’s Heir