အိန္ဒိယ အစားအစာတမျိုးဖြစ်တဲ့ ဒံပေါက်ဟာ အရသာရှိပြီး မွှေးပျံတဲ့ စားချင်စဖွယ် ရနံ့တွေကြောင့် ကမ္ဘာတဝှမ်းက အစားအစာ ချစ်သူတွေတိုင်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
ဒံပေါက်ဟာ ချက်ပြုတ်ရခက်တဲ့ အစားအစာတမျိုးလို့ အများစုက ထင်မြင်တတ်ကြပြီး အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ ထမင်းပေါင်းအိုး ရှိရုံနဲ့ အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။
ဒံပေါက်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ “ဒံပေါက်ဆန်”လို့ခေါ်တဲ့ ဘာစမာတီဆန်၊ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ်၊ ဒံပေါက် မဆလာ၊ ထောပတ်၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ ဒံပေါက်အရောင် ဆေးရည်၊ ပဲစိမ်း၊ စပျစ်စေ့ခြောက်၊ ဒိန်ချဉ် အနည်းငယ်နဲ့ ဆား၊ အရသာမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။
မိမိချက်ပြုတ်မယ့် ပမာဏအလိုက် ထည့်သွင်းရမယ့် ပါဝင်ပစ္စည်းတွေကို အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။
ပထမအဆင့်အနေနဲ့ ဒံပေါက်နဲ့ အတူ တွဲဖက်စားသုံးဖို့ ကြက်သားကို အရင်ချက်ပါမယ်။ ကြက်သားကို ရေနဲ့ သေချာစွာ ဆေးကြောပြီး ရေစစ်၊ ရေခြောက်သွားရင်တော့ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းထားတဲ့ အရော၊ နနွင်းမှုန့်၊ ဒိန်ချဉ်အနည်းငယ်၊ ဖာလာစေ့မှုန့်၊ နာနတ်ပွင့်၊ ဆားနဲ့ အရသာမှုန့်တို့ကို ထည့်ပြီး သေချာစွာ နယ်ကာ မနက်မှ ချက်မယ်ဆို ညကတည်းက ကြိုတင် နယ်နှပ်ထားရမှာပဲ ဖြစ်ပါတယ်။
ပြီးရင်တော့ ချက်မယ့်အိုးထဲ ဆီထည့်၊ ကြက်သွန်ဖြူ/နီ ဆီသတ်ပြီး ငရုတ်သီးအရောင်မှုန့်ထည့်၊ ကြက်သားထည့် မွှေပေးပြီး ရေအနည်းငယ် ထည့်ကာ ဆီပြန်လာပြီဆိုရင်တော့ မဆလာ အနည်းငယ် ခတ်ပေးရုံနဲ့ ဒံပေါက်နဲ့ တွဲဖက်စားမယ့် ကြက်သားဟင်း ရပါပြီ။
ဒံပေါက်ထမင်း ချက်ဖို့အတွက် ဒံပေါက်ဆန်လို့ခေါ်တဲ့ ဘာစမာတီဆန်ကို ရေဆေးပြီး နာရီဝက်ခန့် ရေစိမ်ထားရပါမယ်။ ပြီးရင်တော့ ရေနွေးကို မိမိချက်မယ့် ဆန်ပမာဏအလိုက် ထည့်ပြီး ရေခပ်များများနဲ့ ဆူအောင်တည်ပါမယ်။ ရေနွေးထဲကို သစ်ကြံပိုးခေါက်၊ ဖာလာစေ့မှုန့်၊ နာနတ်ပွင့်၊ ကရဝေးရွက်နဲ့ ဆားအနည်းငယ် ထည့်ပြီး တည်ပေးရပါမယ်။
ရေနွေး ဆူလာပြီဆိုရင်တော့ ရေစိမ်ထားတဲ့ဆန်ကို ထည့်ပြီး အဖုံးအုပ်ထားရပါမယ်။ ရေနွေးလည်း ပွက်ပွက်ဆူလာတဲ့အခါ ထည့်ထားတဲ့ဆန်ကို လက်နဲ့ အနည်းငယ် စမ်းကြည့်လို့ မာတင်းတင်းလေး ဖြစ်လာပြီဆိုရင်တော့ ရေစစ်ပြီး ထမင်းပေါင်းအိုးထဲကို ထည့်ပါမယ်။
ထမင်းပေါင်းအိုးထဲကို အပူပေးထားတဲ့ ထောပတ် အနည်းငယ်ထည့်၊ ချက်ထားတဲ့ထမင်းထည့်၊ ဒံပေါက်အရောင် အနည်းငယ်ထည့်၊ စပျစ်သီးခြောက်၊ ပဲစိမ်းနဲ့ ဆား၊ အရသာမှုန့်၊ ဆီအနည်းငယ်နဲ့ ဒံပေါက် မဆလာတို့ကို ထည့်ပေးပြီး ပေါင်းအိုး ခလုတ်နှိပ်ပြီး ၁၀ မိနစ်ခန့် နှပ်ပေးရုံနဲ့ အရသာရှိတဲ့ ဒံပေါက်ကို သုံးဆောင်နိုင်ပါပြီ။
Ref : recipes.timesofindia.com