Food

ဓာတုပစ္စည်းတွေ မပါဝင်တဲ့ ဟင်းခတ်ကြက်သားမှုန့်ကို အလွယ်တကူပြုလုပ်ကြမယ်

Want create site? Find Free WordPress Themes and plugins.

ဟင်းလျာချက်ပြုတ်ရာမှာ အရသာပိုမိုထူးကဲအောင်လို့ ဟင်းလျာတိုင်းမှာ ဟင်းခတ်ကြက်သားမှုန့်တွေကို ထည့်သွင်းချက်ပြုတ်လေ့ရှိကြပါတယ်။

ဟင်းခတ်ကြက်သားမှုန့်တွေကို ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုးနဲ့ ဝယ်ယူအသုံးပြုလို့ရတာမှန်ပေမယ့် တာရှည်ခံဖို့အတွက် အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။

ဒါကြောင့် ဓာတုပစ္စည်းတွေ မပါဝင်တဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် ကြက်သားမှုန့်ပြုလုပ်နည်းကို အိမ်ရှင်မတွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဟင်းခတ်ကြက်သားမှုန့်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဆားအနည်းငယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအနည်းငယ်၊ နံနံပင်၊ နံနံစေ့နဲ့ ဆီအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကိုတော့ မိမိပြုလုပ်လိုတဲ့ ပမာဏအလိုက် ထည့်သွင်းပြုလုပ်နိုင်ပါတယ်။ ပထမဦးဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ နံနံစေ့ တို့ကို ကြိတ်စက်ထဲထည့်ကာ ကြိတ်ချေပါမယ်။ ကြက်သားကိုတော့ အတုံးခပ်သေးသေး တုံးထားပြီး ကြိတ်ပြီးသားနံနံစေ့၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ဆားတို့နဲ့ရောကာ ကြိတ်စက်ထဲ အတူတကွ ညက်နေအောင် ကြိတ်ချေပေးရပါမယ်။

ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ oven ရှိသူတွေအနေနဲ့ oven ထဲကို ကြိတ်ချေပြီးသားအရောတွေကို အပူချိန် 110’C လောက်နဲ့ မိနစ်သုံးဆယ်ခန့်အကြာ အပူပေးရမှာဖြစ်ပြီး oven မရှိသူတွေအနေနဲ့ကတော့ Non-stick ဒယ်အိုးထဲ ဆီအနည်းငယ်လောက်ထည့်ကာ ရေစစ်ပြီးခြောက်နေအောင် လှော်ပေးရမှာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်း ၂ ခုထဲက မိမိအဆင်ပြေမယ့် နည်းလမ်းကိုအသုံးပြုပြီး ခြောက်သွေ့သွားပြီဆိုရင်တော့ မှုန့်ညက်နေအောင်လို့ ကြိတ်စက်ထဲ ထပ်မံကြိတ်ချေပေးရပါမယ်။

ဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဟင်းခတ်မှုန့်တွေနဲ့ တန်းတူ အရသာရှိပြီး ဓာတုပစ္စည်းတွေကင်းစင်တဲ့ အိမ်လုပ်ဟင်းခတ်ကြက်သားမှုန့်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

ဓာတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်းတွေ မပါဝင်တာကြောင့် လေလုံတဲ့ ဖန်ပုလင်းထဲကို သေချာထည့်ပြီး အဖုံးလုံအောင် ပိတ်ကာ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ အနည်းဆုံး ၃ ပတ်ခန့်အထိ စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

Ref. thewondermummy.blogspot.com

Did you find apk for android? You can find new Free Android Games and apps.
Loading