တရုတ်ရိုးရာ တိုင်းရင်းဆေးသဘောအရ ကိုယ်တွင်းသွေးလည်ပတ်ခြင်းကို အထောက်အကူပြုသလို လူကိုဒုက္ခ ပေးနိုင်မယ့် ကိုလက်စထရောနည်းကာ သွေးတိုးသမားတွေအတွက်အထူးသင့်တော်တဲ့ အမဲရောင်မှို ဒါမှမဟုတ် ဂျယ်လီဖန်းဂပ်စ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ ကြွက်နားရွက်မှိုလို့ ပြောလိုက်ရင် လူတိုင်းသိကြပါတယ်။
ဆေးဖက်ဝင်ကြွက်နားရွက်မှိုကို တရုတ်လူမျိုးတွေက ဟင်းပွဲတွေမှာ မပါမဖြစ်ထည့်သုံးလေ့ရှိပါတယ်။ ဒီတပတ်တော့ ဆေးဖက်ဝင် ကြွက်နားရွက်မှိုကို လွယ်လွယ်ကူကူနဲ့ ဟင်းအရံတခွက်အဖြစ် ဖန်တီးနိုင်မယ့် ချက်နည်းလေးကတော့ ကြွက်နားရွက်မှို အသုပ်ပါ။
လိုအပ်တဲ့ပစ္စည်းတွေက —
ကြွက်နားရွက်မှို
ကြက်သွန်မြိတ်
ငရုတ်သီးတောင့်
ပဲငံပြာရည်
ရှာလကာရည်
ခရုဆီ
နှမ်းဆီ
ဆား
သကြား တို့ပါ။
အရင်ဆုံး ကြွက်နားရွက်မှိုကို သန့်စင်ပြီး ၁ နာရီလောက် ရေစိမ်ထားပေးပါ။ ရေစိမ်ထားလိုက်ရင် ပုံမှန်ထက် ပို နူးညံ့ပြီး ပိုပွားစေပါတယ်။ ရေစိမ်ပြီးရင်တော့ ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲ ၃-၄ မိနစ်လောက် ထည့်ပြုတ်ပြီး ရေစစ်ထားလိုက်ပါ။
ပြုတ်ပြီး ရေစစ်ထားတဲ့ ကြွက်နားရွက်မှိုတွေကို တလုပ်စာ စားလို့အဆင်ပြေအောင် အနေတော်အရွယ်လေးတွေ ပိုင်းဖြတ်ပါ။ ပြီးရင် အသုပ်ထဲကို ထည့်မယ့်ဆော့စ်လုပ်ပါမယ်။
အဆင်သင့်ပြင်ထားတဲ့ ပဲငံပြာရည်၊ ရှာလကာ ရည်၊ ခရုဆီ၊ နှမ်းဆီ၊ ဆား၊ သကြားတို့ကို သုပ်မယ့်ပမာဏပေါ်မူတည်ပြီး အချိုးကျထည့်ပါ။ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးတောင့်ကို ပါးပါးလှီးထည့်ပါ။ အရသာမြည်းကြည့်ပြီး အပေါ့အငန် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပါ။
ဆော့စ်ပြင်ဆင်ပြီးပြီဆိုရင် အနေတော်အရွယ် ပိုင်းဖြတ်ထားတဲ့ ကြွက်နားရွက်မှိုတွေနဲ့ ရောပြီး သမအောင်မွှေပါ။ အရသာမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပန်းကန်လုံးပေါ်ကနေ plastics wrap အုပ်ပြီး မစားခင် ရေခဲသေတ္တာထဲ နာရီအနည်းငယ်လောက် ထည့်ထားရင် စားတဲ့အခါ ကြွပ်ကြွပ်ရွရွလေးနဲ့ ပိုစားကောင်းပါတယ်။
Ref: Mrs. P’s Kitchen