ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ရေခဲမုန့်ကို အိမ်မှာပဲ အကုန်အကျ သက်သက်သာသာနဲ့ များများ စားသုံးနိုင်မယ့် ရေခဲမုန့် အလွယ်လုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ရေခဲမုန့်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ Whipping cream 500ml (စူပါမားကတ်တွေမှာ အလွယ်တကူဝယ်လို့ရ)၊ နို့ဆီတဘူးနဲ့ မိမိကြိုက်နှစ်သက်ရာ အနံ့၊အရသာတို့ပဲ ဖြစ်ပါတယ်။
ပထမဦးစွာ Whipping cream ကို ဇလုံခပ်ကြီးကြီး တခုထဲ ထည့်ပြီး မွှေပေးရမှာ ဖြစ်တယ်။ မွှေစက်ရှိတဲ့ သူတွေအနေနဲ့ စက်နဲ့လည်း မွှေနိုင်သလို လက်နဲ့လည်း မွှေနိုင်ပါတယ်။ မွှေရင်းနဲ့ ရေမြှပ်လေးလို ခရင်မ်ပုံစံဖြစ်လာပြီ ဆိုရင်တော့ နို့ဆီကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။
ခရင်မ်အနေအထား ပျက်သွားမှာ စိုးတာကြောင့် မွှေတဲ့အခါ စက်ဝိုင်း ပုံသဏ္ဍာန် မွှေတာမျိုး မဟုတ်ဘဲ အပေါ်အောက် သမအောင် မွှေတဲ့ပုံစံမျိုးနဲ့ မွှေပေးရပါမယ်။ နို့ဆီထည့်ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အနံ့၊ အရသာ တမျိုးမျိုးကို ထည့်ပြီး သမရုံလောက် မွှေပေးရပါမယ်။
ပြီးရင်တော့ ရေခဲမုန့်လုပ်မယ့် အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့်ပြီး ရေခဲသေတ္တာ အခဲကန့်ထဲ ၈ နာရီလောက် ထည့်ထားပေးရုံနဲ့ အရသာရှိတဲ့ Homemade ice-cream ကို စားသုံးနိုင်ပါပြီ။ ရေခဲမုန့်ကို အသီးအနှံတွေနဲ့ ပြုလုပ် စားသောက်ချင်သူတွေအနေနဲ့တော့ မိမိထည့်လိုတဲ့ အသီးအနှံကို ရေသေချာစွာ ဆေးကြောပြီး ဖျော်စက်ထဲကို နို့ဆီနဲ့အတူတကွထည့်ကာ ကြေညက်သွားတဲ့အထိ ကြိတ်ချေပေးရပါမယ်။
ပြီးရင်တော့ မွှေထားပြီးသား Whipping cream ထဲကို နို့ဆီနဲ့ရောကာ ကြိတ်ချေထားပြီးသား အသီးအနံအနှစ်တွေကို ဖြည့်းဖြည်းချင်းလောင်းထည့်ကာ အပေါ်အောက် သမအောင် မွှေပေးရပါမယ်။
ဒီနေရာမှာ အရောင် အနည်းငယ် ထည့်ချင်သူတွေအနေနဲ့ Food colour အနည်းငယ် ထည့်နိုင်သလို မိမိကြိုက်နှစ်သက်တဲ့ အနံ့ကိုလည်း ထည့်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေခဲမုန့်လုပ်မယ့် အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့်ပြီး အခဲကန့်ထဲ ၈နာရီလောက် ထည့်ပေးရုံနဲ့ အသီးအနှံရေခဲမုန့်ကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။
Ref : blog.kingarthurflour.com