လေ့လာစမ်းသပ်ချက်တွေလုပ်ကြည့်ရင်း သိပ္ပံပညာရှင်တွေဟာ အစားအစာနဲ့ ဦးနှောက်ကြားက ဆက်နွှယ်မှုကို တွေ့ရှိခဲ့ကြပါတယ်။ အစားအစာတွေကတဆင့် စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေမယ့် စိတ်အေးချမ်းစေတဲ့ လှိုင်းတွေ ဖြစ်အောင် ဖန်တီးပေးနိုင်လို့ပါပဲ။
အရင်ကတော့ စိုးရိမ်စိတ်များသူတွေကို စိတ်ငြိမ်အောင် သောက်ဆေးတွေ ပေးလေ့ ရှိပေမယ့် နောက်ပိုင်း လေ့လာချက်တွေအရ အစားအစာတွေကတဆင့် ရလာမယ့် အာဟာရတန်ဖိုးတွေထဲက ဘယ်လောက် ရာခိုင်နှုန်းက ဦးနှောက် အာရုံကြောကို သက်ရောက်စေလဲဆိုတာ ဆရာဝန်တွေနဲ့ အာဟာရပညာရှင်တွေ သဘောက်ပေါက်လာကြပါပြီ။
အစားအစာတွေကရတဲ့ အာဟာရဓာတ်တွေက ဦးနှောက်အာရုံကြောစနစ်ကို သက်ရောက်နိုင်တာမလို့ စားလိုက်တဲ့ အစားအစာပေါ် မူတည်ပြီး ကောင်းကျိုးလား၊ ဆိုးကျိုးလားဆိုတာ သိနိုင်ပါတယ်။
ဦးနှောက်အာရုံကြောကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေထဲက အသိသာဆုံးတခုကတော့ Omega-3 fatty acids ပါ။ အများအားဖြင့် အဆီဓာတ်များတဲ့ ဆောလ်မွန်ငါး၊ နှမ်းကြတ်စေ့၊ မြေပဲ နဲ့ ချီရာစေ့တွေမှာ အများဆုံး တွေ့ရပါတယ်။
နောက်ထပ် အစားအစာတမျိုးကတော့ လူကို အကျိုးပြုတဲ့ ပိုးတွေ ပေါက်ဖွားအောင် စီမံထားတဲ့ ဒိန်ချဉ်နဲ့ kefir လို နွားနို့ကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကလည်း စိုးရိမ်မှုကို လျော့ကျစေတဲ့ ဘက်တီးရီးယား အမျိုးအစားတွေ ပါဝင်ပါတယ်။
ရေငတ်ခြင်းနဲ့ စိုးရိမ်စိတ်တွေ ဆက်နွှယ်မှုကို အတည်မပြုနိုင်သေးပေမယ့် လေ့လာချက်တခုမှာတော့ ရေများများ မသောက်မိတဲ့အခါ ကိုယ်ခန္ဓာမှာ ရေဓာတ်ခန်းခြောက်လာပြီး စိတ်တိုလာတတ်ပါတယ်တဲ့။ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတဲ့ အစားအသောက်တွေက စိုးရိမ်ပူပန်သောကတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။
Antioxidants ပါဝင်တဲ့အစားအစာတွေ အများကြီးရှိတဲ့ထဲက ဦးနှောက်ကို အများဆုံးအကျိုးသက်ရောက်နိုင် စွမ်းရှိတာတွေက ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန် တို့အပြင့် ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အချဉ်ဓာတ်အသီးများ၊ အနီရောင်ငရုပ်သီး၊ Brussels sprouts၊ ပန်းဂေါ်ဖီစိမ်းနဲ့ စတော်ဘယ်ရီသီး၊ ဗီတာမင် E ထဲမှာဆိုရင် ဗာဒံစေ့၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ နေကြာစေ့နဲ့ ကန်စွန်းဥ စတာတွေက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အများဆုံး အထောက်အကူပြုပေးနိုင်တဲ့ အစားအစာတွေပါ။
နောက်ထပ် စိုးရိမ်စိတ်တွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်တဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ ဆယ်လီနိယမ် ပါဝင်တဲ့ အခွံမာသီး၊ မြက်သီးသန့် ကျွေးထားတဲ့ အမဲသား၊ ကြက်ဆင်သား၊ ကြက်သားနဲ့ ဥအမျိုးမျိုးတို့အပြင် ဇင့်ဓာတ် ပါဝင်တဲ့ အစားအစာတွေကလည်း စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့ စူပါအစားအစာတွေပါ။
စိုးရိမ်စိတ်တွေကို လျော့ချပြီး သက်သောင့်သက်သာ ဖြစ်စေမယ့်၊ စိတ်အေးချမ်းစေမယ့် သတ္တုဓာတ်ကတော့ မဂ္ဂနီဆီယမ်ပါ။ လေ့လာစမ်းသပ်ချက်တွေအရ မဂ္ဂနီဆီယမ်ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို သက်သာ ပျောက်ကင်းစေနိုင်စွမ် းရှိပါတယ်။ ဥအမျိုးမျိုး၊ အစိမ်းရောင်အသီးအရွက်၊ အစေ့အဆံနဲ့ ထောပတ်သီးက မဂ္ဂနီ ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
ပြောင်းပြန်အနေနဲ့ စိုးရိမ်ပူပန်မှုတွေကို တွန်းအားပေးတဲ့အရာတွေက ကဖင်းဓာတ်များတဲ့ ကော်ဖီ၊ အရက်သေစာ၊ သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ တာရှည်ခံအောင် စီမံထားတဲ့ အသားတွေပါ။ ဒီအစားအစာတွေက ကိုယ်တွင်းအဆီဓာတ်များစေပြီး အဝလွန်ရောဂါ ဖြစ်စေသလို ဦးနှောက် အာရုံကြောစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သကြားဓာတ်များတဲ့ အချိုရည်နဲ့ ကော်ဖီသောက်မယ့်အစား Chamomile လို ဦး နှောက်ကြည်စေတဲ့ ဆေးဖက်ဝင်အပင်တွေကတဆင့်ထုတ်ထားတဲ့ အရည်ကို သောက်သုံးကြည့်ဖို့ ကျွမ်းကျင် သူတွေက အကြံပြုပါတယ်။
Ref: Reader’s Digest