အစပ်ကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ အစပ်အရမ်းစားတဲ့ သူတွေဆို “ဗိုက်နာမယ်၊ အစာအိမ် ဖြစ်မယ်၊ ဝက်ခြံထွက်လိမ့်မယ်”ဆိုပြီး လျော့စားခိုင်းလေ့ ရှိပါတယ်။ လူတိုင်း မသိသေးတဲ့အချက်ကတော့ အစပ်ကြိုက်တဲ့သူတွေဟာ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်ပါပဲ။
အထူးသဖြင့် အရမ်းစပ်တဲ့ ငရုတ်သီးတွေကို ခံတွင်းတွေ့သူတွေဟာ တခြားသူတွေထက် နေထိုင်ရမယ့် သက်တမ်း ပိုရှည်တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ ငရုတ်သီးကို စူပါတန်းဝင် အစားအစာအဖြစ် တရားဝင် အသိမှတ်ပြုထားတာမျိုး မရှိပေမယ့် ငရုတ်သီးရဲ့ စွမ်းအားကြာင့် ကိုယ်အလေးချိန် လျော့ကျတာ၊ ကိုယ်ခံစွမ်းအား ကောင်းတာ၊ အန်ထော်ဖင်းဓာတ်ကို လှုံ့ဆော်ပေးနိုင်တာကိုတော့ လက်ခံကြပါတယ်။
အခုနောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာချက်မှာတော့ အသက်ပိုရှည်စေတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပါပြီ။ ဗားမွန့်တက္ကသိုလ်၊ ဆေးပညာဌာနက သုတေသီတွေဟာ အစပ်ကဲတဲ့ ငရုတ်သီးကို ပုံမှန်စားတဲ့သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးမှု ၁၃ ရာခိုင်နှုန်းထိ လျော့ကျတယ်လို့ ဆိုပါတယ်။
သုတေသန ပြုလုပ်ခဲ့တာဟာ ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးမှာပါတဲ့ ဓာတ်က လျော့ချနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုတ်တရက် နှလုံးခုန် ရပ်ခြင်းနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ ရလဒ်ဟာ အမေရိကန်လူမျိုး ၁ သောင်း ၆ ထောင်ကျော်ကို ၂၃ နှစ်ကြာ သုတေသနလုပ်ရာက ထွက်လာတဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။ ပါဝင်ခဲ့ကြတဲ့သူတွေကို ငရုတ်သီးတောင့် နေ့စဉ် ပုံမှန် စားခိုင်းခဲ့ပြီး အခုလိုရလဒ် ထွက်ရှိလာတာပါ။
၂၃ နှစ်အကြာ ပုံမှန်စားလာတဲ့သူတွေဟာ မစားတဲ့သူတွေထက် သေဆုံးမှုနှုန်း ၂၁ ဒဿမ ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ထွက်လာတဲ့ ရလဒ်တွေကို အသေးစိတ် ပြန်ကြည့်တဲ့အခါ ဘယ်အချက်တွေကြောင့် အသက်ပိုရှည်စေတယ် ဆိုတဲ့အချက်ကို အတိအကျ မထောက်ပြနိုင်ပေမယ့် ငရုတ်သီးမှာပါတဲ့ မူလဓာတ်ပစ္စည်း Capsaicin ကြောင့်လို့ သုံးသပ်ကြပါတယ်။ Capsaicin ဟာ အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့် အစာကြေလွယ်ပြီး ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အဝလွန်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် နောက်တခါ ငရုတ်သီးအစပ်တွေ စားမယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ကိုယ်စိတ်ကြိုက်စားနိုင်ပြီပေါ့။
ငရုတ်သီးအစပ်လို့ ဆိုတဲ့အခါ မှိုအန္တရာယ်များတဲ့ ငရုတ်ခြောက်တွေထက် လတ်လတ်ဆတ်ဆတ် ငရုတ်သီးအစိမ်းပဲ စားကြဖို့ တိုက်တွန်းချင်ပါတယ်။ ငရုတ်သီး အစားများတဲ့အခါ ဗိုက်နာတာမျိုး မဖြစ်အောင် မစားခင် မီးအပူပေးတာဖြစ်ဖြစ်၊ ရေနွေးပွက်ပွက် ဆူတဲ့ထဲ ထည့်ပြုတ်တာဖြစ်ဖြစ် လုပ်ပြီးမှ စားတာ ပိုသင့်တော်ပါတယ်။
Ref: Reader’s Digest