ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်းနေမယ်ဆိုရင် အသားအရေလှဖို့နဲ့ အာဟာရတန်ဖိုးတွေရအောင် သဘာဝအချိုဓာတ်ပါဝင်တဲ့ အသီးဖျော်ရည်တွေ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။
မအားလပ်တဲ့အချိန်တွေ ကြောင့် နေ့တိုင်းသစ်သီးဖျော်ရည် ဖျော်မသောက်နိုင်တဲ့အခါ ဘယ်လိုစီစဉ်ထားသင့်လဲ။
များသောအားဖြင့် သစ်သီးဖျော်ရည်ဆို တနေ့စာတနေ့ဖျော်သင့်တာမလို့ မနက်အချိန်မီရုံးပြေးရတဲ့သူတွေအတွက် ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမယ့် နေ့တိုင်းသောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီလိုဆိုရင် ၂ ရက်တခါ ၃ ရက်တခါလောက်ပဲ သောက်မလား ဒါမှမဟုတ် ပိတ်ရက်ကျမှပဲသောက်ရတော့မလားဆိုပြီး စိုးရိမ် နေသူတွေအတွက် သတင်းကောင်းရှိပါတယ်။ အသီးဖျော်ရည်တွေက တရက်ပဲခံတယ်လို့ သတ်မှတ်ကြပေမယ့် စနစ်တကျ ပြင်ဆင်ထားရင် အသီးဖျော်ရည်တွေလဲ သိမ်းထားလို့ရပါတယ်။
ဒါဆိုရင် ဘယ်လောက်ကြာကြာဖျော်ပြီး သိမ်းထားနိုင်မလဲ၊ ကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်တွေက ဘယ်လောက်ကြာအောင် သိမ်းထားသင့်လဲ၊ ဘယ်အချိန်အတိုင်းအတာထိဆို လတ်ဆတ်တဲ့အသီးဖျော်ရည်အ ဖြစ်သောက်သုံးသင့်လဲ စတဲ့မေးခွန်းတွေလဲ မေးစရာရှိလာပါတယ်။
ပုံမှန်အားဖြင့်တော့ သဘာဝအသီးဖျော်ရည်တခွက်ကို မိနစ် ၂၀ ကနေ နာရီဝက်လောက်ပဲခံတာမို့ အိမ်ကနေ ဖျော်ပြီး တောင် ရုံးယူသွားဖို့ မလွယ်ပါဘူး။ ဒါပေမယ့်လဲ အခုနောက်ဆုံးနည်းလမ်းတွေအရ သဘာဝအသီး ဖျော်ရည်တွေကို ဒီထက်အချိန်ကြာကြာပိုခံစေမယ့် အချက်တွေတွေ့ရှိလာကြပါပြီ။
သစ်သီးဖျော်ရည်ကို ပိုခံစေချင်ရင် အရေးကြီးဆုံးအချက်က သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ အော်ဂဲနစ်အသီးကို ရွေးပါ။ လတ်ဆတ်တဲ့အသီးဖြစ်ဖို့လည်း လိုပါတယ်။ နောက်တချက်ကတော့ သစ်သီးဖျော်ရည်စက်ပါ။ တချို့ ဖျော်စက်တွေက အပူသုံးပြီး အသီးတွေကိုဖျော်တာမို့ အလွယ်တကူဓာတ်ပြယ်လွယ်သလို အာဟာရဓာတ်တွေ လည်း ဆုံးရှုံးမှုများစေပါတယ်။
အောက်စီဂျင်နဲ့ ဓာတ်ပြုပိုလွယ်တာမို့ ဖျော်ပြီး အအေးထဲသေချာသိမ်းရင်တောင် ၂ နာရီလောက်ထိပဲခံတာကြောင့် အဆင်မပြေပါဘူး။
ဒါကြောင့် အသီးဖျော်ရည်တွေ တာရှည်ခံချင်တယ်ဆိုရင် Cold Press Juicer လို့ခေါ်တဲ့ အပူဓာတ်ကို အနည်း ဆုံး ဒါမှမဟုတ် လုံးဝမပါဘဲသုံးတဲ့စက်ကိုရွေးပါ။ ဒီစက်တွေနဲ့ဖျော်ထားတဲ့ ဖျော်ရည်တွေက အောက်စီဂျင်နဲ့ ဓာတ်ပြုမှုနှေးတာကြောင့် ၂၄ နာရီလောက်ထိ အကောင်းဆုံးအနေအထားအတိုင်းရှိနေတတ်ပါတယ်။
ဖျော်ထားတဲ့အသီးဖျော်ရည်တွေကို သိမ်းတဲ့နေရာမှာလည်း နည်းလမ်းမှန်ဖို့လိုပါတယ်။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်တာထက် ဖန်နဲ့လုပ်ထားတဲ့ပုလင်းတွေက ဓာတ်ပြုမှုနည်းလို့ အသုံးပြုသင့်ပါတယ်။ ဖျော်ရည်ထည့်တဲ့အခါ အဖုံးထိပ်မှာအနည်းငယ်ချန်ပြီး ထည့်ပါ။ အဖုံးကို လေမဝင်အောင် အလုံပိတ်ထားနိုင်တဲ့ ပုလင်းပုံစံမျိုးရွေးပါ။ တခါသောက်ပြီးပြီဆို ကျန်တာကို ရေခဲသေတ္တာထဲ ဒါမှမဟုတ် အအေးဘူးထဲ ထည့်သိမ်းထားတာ ပိုကောင်း ပါတယ်။
အကောင်းဆုံးကတော့ အသီးဖျော်ရည်တွေဆိုတာ ဖျော်ပြီးပြီးချင်း လတ်လတ်ဆတ်ဆတ် သောက်သုံးသင့်တယ် ဆိုပေမယ့် အချိန်မရတဲ့အခါ၊ ဖျော်ပြီးအပြင်ကို သယ်သွားချင်တဲ့အခါမျိုးမှာ အထက်ပါနည်းအတိုင်း တာရှည် ခံအောင် ပြင်ဆင်နိုင်ပါတယ်။
Ref: The Juicer Fanatics