လူတော်တော်များများက အစားစားတဲ့ ပုံစံတွေ မတူညီကြပါဘူး။ လူတွေ သတိမထားမိတာ တခုက အစာစားပုံကနေ အခြားလူတယောက်ရဲ့ အကျင့်ကို ခန့်မှန်းကြည့်လို့ ရတယ်ဆိုတာပါပဲ။
အစားအသောက်နဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Juliet A.Boghossian ထူထောင်ထားခြင်း အစားအသောက်ဗေဒ ပညာအရ အစားစားသောက်ခြင်းနဲ့ လူ့အမူအကျင့်တွေက သွယ်ဝိုက်သောနည်းနဲ့ ဆက်စပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူမဟာ သူမမိသားစုဝင်တွေရဲ့ အစား စားသောက်ပုံတွေကို ကြည့်ပြီး ဒါတွေကို စူးစမ်းလိုစိတ်ဖြစ်လာတာလို့ ဆိုပါတယ်။ ဒါကြောင့် သင့်အစားစားတဲ့ပုံစံက ပြောပြမယ့် သင့်ရဲ့ အကျင့်တွေကို လေ့လာကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အစားနှေးသူ
အစားနှေးတာက တခါတလေမှာ စိတ်ရှုပ်စရာကောင်းပါတယ်။ သင်က အစားစားလို့ ပြီးပြီ ဆိုပေမယ့် အစားနှေးတဲ့ သူငယ်ချင်းကို စောင့်နေရတာလည်း ဒုက္ခတခုဖြစ်ပါတယ်။ ဒါပေမယ့် အစားနှေးတဲ့ သူတွေကို အပူအပင် သိပ်မရှိသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ဘဝမှာ ကြုံတွေ့နေရတာတွေ အကုန်လုံးကို ပျော်ရွှင်စွာ ခံစားလေ့ရှိပြီး ဒီလို နှေးကွေးတဲ့ အကျင့်တွေကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝမှာ အချိန်မလောက်တာတွေကို အမြဲကြုံလေ့ရှိကြသူတွေပါ။
(၂) အစားမြန်သူ
အစားကို မြန်မြန်စားလေ့ရှိသူတွေဟာ အရာအားလုံးကို အလောတကြီး လုပ်တတ်သူတွေလို့ ဆိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ အလုပ်တွေကိုလည်း အားလုံးထက် အရင်ပြီးအောင် လုပ်လိုကြပြီး ယှဉ်ပြိုင်လိုစိတ်ကြီးသူတွေလို့ ဆိုနိုင်ပါတယ်။ ဒီလို အလောတကြီးနဲ့ လုပ်ဆောင်တတ်လို့ သူတို့ဘဝရဲ့ ပျော်စရာအချိန်တွေကို မကြာခဏဆိုသလို လက်လွှတ်လိုက်ရတဲ့ သူတွေပါ။
သူတို့ဟာ လုပ်ငန်းတိုင်းကို အလျင်လိုနေကြလို့ သူတို့ဘဝကိုပြန်ပြီး ဂရုစိုက်တတ်ဖို့တောင် တခါတလေမှာ မေ့နေတတ်ကြပါတယ်။
(၃) ကြေး(ဂျီး) များသူ
စားသောက်ဆိုင်ကို သွားရင် အရမ်း ကြေးများတဲ့ သူတွေကို ကြုံဖူးမှာပါ။ သူတို့ဟာ လက်တွေ့ဘဝမှာလည်း ဘာကိုမှ မစမ်းသပ်လိုကြပဲ သူတို့နဲ့ အဆင်ပြေနေတဲ့ နေရာမှာပဲ နေလေ့ရှိပါတယ်။ အခက်အခဲကို ရင်ဆိုင်ရရင် မရင်ဆိုင်ဘဲ ခေါင်းရှောင်သွားလေ့ ရှိကြတယ်လို့ ဆိုပါတယ်။
အလုပ်လုပ်တဲ့ အခါမှာလည်း သူတို့နဲ့ အဆင်ပြေမယ့် အလုပ်ကိုသာ လုပ်ပြီး အခက်အခဲတစုံတရာနဲ့ စွန့်စားရမှာမျိုးတွေကို မလုပ်ကြပါဘူး။ မတော်တဆအနေနဲ့တောင် သူတို့ကိုသူတို့ အကျရှုံးမခံနိုင်တဲ့ လူစားမျိုးတွေပါ။
(၄) ဟင်းအားလုံး ပန်းကန်ထဲ ထည့်ပြီး စားတတ်သူ
ထမင်းစားပွဲပေါ်မှာ ရှိသမျှ အရာအားလုံးကို ဟိုနည်းနည်း၊ဒီနည်းနည်း အကုန်ပါအောင် ထည့်ပြီး စားတတ်သူတွေကတော့ ဖော်ရွေသူတွေဖြစ်ပါတယ်။ အလုပ်မှာလည်း တာဝန်ယူတတ်သူတွေဖြစ်ပြီး အလုပ်ကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ အလုပ်ကို စနစ်တကျလုပ်ပြီး ကိုယ်ပိုင်အချိန်လည်း သေချာယူတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာတခါတလေ မှာ အရမ်း အတ္တကြီးတတ်ကြပါတယ်။
(၅) အသစ်အဆန်းစားရတာကို ကြိုက်သူ
စားသောက်ဆိုင်ကို ရောက်ပြီဆိုတာနဲ့ အထူးဆန်းဆုံးဆိုတဲ့ စားစရာကို မှာစားတတ်သူတွေရှိပါသေးတယ်။ သူတို့ကတော့ စွန့်စားရတာကို ကြိုက်သူတွေပါပဲ။ သူတို့ စမ်းပြီးစားလိုက်တဲ့ အစားအစာဟာ မကောင်းမှာကိုလည်း မကြောက်တတ်သလို မတော်တဆ သူတို့ ကျရှုံးသွားမှာကိုလည်း မကြောက်ကြပါဘူး။
ဒါ့အပြင် သူတို့ဟာ သူတို့လောက် စွန့်စားလိုစိတ် မရှိသူတွေကို ပေါင်းသင်းရတာ မကြိုက်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ အေးအေးလူလူနေလိုကြပြီး စိတ်ဖိအား လာပေးတာမျိုးတွေကို အရမ်းမုန်းကြပါတယ်။
Ref;Brightside.com