Food

ဗီယက်နမ်အမဲသားခေါက်ဆွဲပြုတ် ပူပူစပ်စပ်လေး ချက်စားရအောင်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်တော့ အစားချစ်သူတွေနဲ့ မစိမ်းတဲ့ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ တရုတ်စာတွေမဟုတ်ဘဲ ခုနောက်ပိုင်း ခေတ်စား လာတဲ့ ဗီယက်နမ်အစားအသောက် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ဗီယက်နမ်အစားအသောက် အကြောင်းပြောရင် နာမည်ကျော် အမဲသားခေါက်ဆွဲ (Vitnamese Pho) အကြောင်း မေ့ထားခဲ့လို့မရပါဘူး။ ဗီယက်နမ်လူမျိုးတွေ အထူးကြိုက်နှစ်သက်ကြသလို ကမ္ဘာလှည့်ခရီးသွားတွေပါ အကြိုက်တွေကြတဲ့ နာမည်ကျော်အစားအစာတမျိုးပါ။

ဗီယက်နမ်အမဲသားခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ …

( လူ ၆ ယောက်စာအတွက် အချိုးအစားပမာဏဖြစ်ပါတယ်)

အမဲရိုး – ၁ ကီလိုဂရမ်

ရေ – ၃ လီတာ (၁၂ ခွက်)

ကြက်သွန်နီ – ၂ လုံး

ဂျင်း – အနည်းငယ်

နာနတ်ပွင့် – ၅ ပွင့်

သစ်ကြံပိုးခေါက် – ၂ ခု

ငရုတ်ကောင်းစေ့ – အနည်းငယ်

ကြက်သွန်ဖြူ – ၅ မွှာ

နံနံစေ့ – စားပွဲတင်ဇွန်း ၅ ဇွန်း

ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

ဆန်ခေါက်ဆွဲအထူ – ၁၀၀ ဂရမ်

အမဲသား – ၂၀၀ ဂရမ် (အသားသီးသန့်ကို ပြုတ်ပြီး ပါးပါးလှီးထားပါ)

ပဲပင်ပေါက် – ၁၁၀ ဂရမ်

ကြက်သွန်မြိတ် – ၃ ပင် (ပါးပါးလှီးထားရန်)

ငရုတ်သီး – ၂ တောင့် (ပါးပါးလှီးထားရန်)

ပူစီနံ – အနည်းငယ်

နံနံပင် – အနည်းငယ် တို့လိုအပ်ပါတယ်။

ထည့်ရမယ့်ပစ္စည်းတွေ စုံပြီဆိုရင် အရင်ဆုံး အမဲရိုးတွေကို ရေ ၃ လီတာ၊ ကြက်သွန်နီ၊ ဂျင်း၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူနဲ့ နံနံစေ့တို့ထည့်ပြီး မီးပူပူနဲ့ အိုးထဲထည့်ပြုတ်ထားပါ။

ပွက်ပွက်ဆူ လာရင် မီးအပူချိန်လျော့ပြီး တက်လာတဲ့အဆီတွေကို ဇွန်းနဲ့ခပ်ထုတ်ပေးပါ။ ၃ နာရီလောက်တည်လိုက်ရင် အရည်တဝက်လောက်ခမ်းသွားပြီး အချိုရည်တွေ ကျန်လာတဲ့အခါ မီးဖိုပေါ်က ချပြီးအအေးခံထားပါ။

အမဲပြုတ်ရည်တွေ အေးသွားပြီဆိုရင် အရည်ချည်းသက်သက်ကျန်အောင် စစ်ထုတ်ထားပါ။ စားခါနီးမှ ဆန်ခေါက်ဆွဲ ကိုပြုတ်ပြီး ရေစစ်ထားပါ။ အားလုံးအဆင့်သင့်ဖြစ်ပြီဆို ဗီယက်နမ်အမဲသားခေါက်ဆွဲ ပြင်ဆင်လို့ရပါပြီ။

စားမယ့်ပန်းကန်လုံးထဲကို ဆန်ခေါက်ဆွဲ၊ ပါးပါးလှီးထားတဲ့ အမဲသား၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ပူစီနံ၊ ပဲပင်ပေါက်တ့ို ထည့်ပါ။

ခေါက်ဆွဲပြင်ဆင်နေတုန်း ခုနကပြုတ်ထားတဲ့ အမဲသားအရည်ကို မီးဖိုပေါ်တင်ပြီး အပူပြန်ပေးပါ။ ပူလာရင် ငါး ငံပြာရည်၊ သံပုရာရည်၊ ငရုတ်ကောင်းနဲ့ ဆား အနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်ပါ။

အရသာအနေတော်ပဲဆိုရင် ပြင်ဆင်ထားတဲ့ ဆန်ခေါက်ဆွဲပန်းကန်ထဲကို ဟင်းရည်ပူပူလောင်းထည့်ပြီး စားလို့ရပါပြီ။ အချဉ်ကြိုက် တယ်ဆိုရင် သံပုရာသီးညှစ်ထည့်စားနိုင်ပါတယ်။

Ref: Taste

Did you find apk for android? You can find new Free Android Games and apps.
Loading