ဒီတပတ်တော့ လွယ်လွယ်ကူကူနဲ့ အိမ်မှာ လုပ်စားကြည့်နိုင်တဲ့ ကြက်ဥလိပ် လုပ်နည်း ဖော်ပြပေးချင်ပါတယ်။ နေ့တိုင်း ဟင်းစီစဉ်ရတဲ့ အိမ်ရှင်မတို့အတွက် အချိန်မကုန် အလုပ်မရှုပ်ဘဲ သားသားမီးမီးတွေ အကြိုက်တွေ့မယ့် ဟင်းတခွက်ဖြစ်သလို၊ လူကြီးတွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတတာမို့ ပိတ်ရက်မှာ လုပ်စားကြည့်နိုင်ပါတယ်။
ကြက်ဥလိပ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက —
( လူ ၂ ယောက်စာအတွက် အချိုးအစားပမာဏဖြစ်ပါတယ်)
ကြက်ဥ – ၃ လုံး
နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း
မုန်လာဥနီ – အတုံးသေးလေးတွေ လှီးထားတာ စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ – အတုံးသေးလေးတွေ လှီးထားတာ စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါး လှီးထားရန်)
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ပန်းကန်လုံး တလုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး နွားနို့၊ ဆားတို့ထည့်ပြီး သမအောင် သေချာမွှေပါ။ သေချာ ပျစ်နေအောင် မွှေထားမှ ကြက်ဥလိပ်လို့ ကောင်းပါတယ်။ ပြီးရင် မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန် မြိတ်နဲ့ ငရုပ်ကောင်းတို့ ရောထည့်ပြီး သမအောင် ထပ်မွှေပါ။
အားလုံးပြီးပြီဆိုရင် ကြက်ဥကြော်ဖို့ ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပါ။ အပူပေးလို့ ဆီပူလာပြီဆိုရင် ပန်းကန်လုံးထဲမှာ ထည့်မွှေထားတဲ့ ကြက်ဥကို တဝက်ပဲ အရင်ထည့်ကြော်ပါ။ မီးအပူချိန်ကို လျော့ချလိုက်ပြီး တဝက်လောက် ကျက်နေပြီဆိုရင် ကြက်ဥကို ဘေးဖက်ကို လိပ်သွားလိုက်ပါ။
ကျန်တဲ့ မွှေထားတဲ့ ကြက်ဥအရည်တွေကို တခြားဘက်ကနေ ဒယ်အိုးပေါ်လောင်းပြီး ဖြည်းဖြည်းချင်း့ ခုနကအတိုင်း ကြော်ပြီး ဆက်လိပ်ပါ။ မွှေထားတဲ့ အရည်တွေကို တခါတည်းမထည့်ဘဲ နည်းနည်းချင်း ကြော်လိုက်၊ လိပ်လိုက် လုပ်ပေးမှ ကြက်ဥလိပ်ကြော်ကို လှီးတဲ့အခါ အလွှာလေးတွေ ဖြစ်နေပါလိမ့်မယ်။
ကြော်ပြီးသွားရင် ကြက်ဥကို တခါစား အလိပ်လေးတွေရအောင် လှီးလိုက်ရင် ကလေး၊ လူကြီး အကြိုက်တွေ့ပြီး အရသာ ဆိမ့်ဆိမ့်လေးနဲ့ အမြင်ဆန်းတဲ့ ကိုရီးယားစတိုင် ကြက်ဥလိပ်ရပါပြီ။
Ref: Eugenie Kitchen