ဂျပန်အစားအစာလို့ ပြောလိုက်ရင် တော်တော်များများ ဆူရှီကို ပြေးမြင်ကြပါတယ်။ တကယ်လည်း ဂျပန်နိုင်ငံမှာတင်မကဘဲ တခြားကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဆူရှီဆိုင်တွေကို တွေ့နိုင်သလို ဆူရှီက အဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် လူမျိုးတိုင်းနီးပါး ခံတွင်းတွေ့ နှစ်သက်ကြတာပါ။ ဒါပေမယ့်လည်း ဂျပန်အစားအစာတွေထဲမှာ ဆူရှီအပြင် တခြားနာမည်ကျော် အစားအစာတွေလည်း ရှိနေပါတယ်။
တာကိုယာကီ (Takoyaki)
လမ်းဘေး အစားအစာတမျိုးဖြစ်တဲ့ တာကိုယာကီ (Takoyaki) ဟာ အဝိုင်းပုံစံ အကြော်လုံးလေးတွေထဲမှာ ရေဘဝဲသားကို နုပ်နုပ်စဉ်း ထည့်ထားတာလေးက စားလိုက်တိုင်းအရသာရှိတာမို့ ဂျပန်လူမျိုးတွေ အကြိုက်ဆုံးပါ။
ဆန်မုန့်လုံး (Mochi)
စားလိုက်တာနဲ့ စေးစေးလေးနဲ့ စားလို့ကောင်းတဲ့ ဆန်မုန့်လုံး (Mochi) ကို ပထမဆုံး စစားဖူးမယ့်သူတွေ အတွက်တော့ ထူးဆန်းကောင်းထူးဆန်းပေမယ့် တခါစားကြည့်လိုက်တာနဲ့ တသက်လုံး စွဲသွားစေရမယ်လို့ ဂျပန်လူမျိုးတွေက ဆိုပါတယ်။ ဆန်မုန့်လုံးလေးတွေကို အတွင်းထဲမှာ ပဲနှစ် ဒါမှမဟုတ် စတော်ဘယ်ရီသီးလေးတွေ ထည့်လေ့ ရှိကြပါတယ်။
အူဒုံ (Udon)
ဂျပန်စားသောက်ဆိုင်တွေ သွားပြီး ဆူရှီတွေ၊ ရာမန်တွေပဲ စားနေရတာ ငြီးငွေ့နေပြီဆိုရင် ခေါက်ဆွဲလုံးပိုကြီးတဲ့ အူဒုံ (Udon) စားကြည့်ဖို့ အကြံပေးပါရစေ။ ခေါက်ဆွဲသားပိုကြီးလို့ တလုပ်စားလိုက်တိုင်း အရသာရှိသလို တွဲစားရတဲ့ အသားပြုတ်ရည်နဲ့လည်း အလွန်ပဲလိုက်ဖက်မှု ရှိပါတယ်။ အပူအဖြစ်လည်း စားနိုင်သလို အအေးပုံစံကလည်း တမျိုးဆန်းစေပါတယ်။
နာဘဲ (Nabe)
ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို ထည့်စားရတာမို့ သူငယ်ချင်းတွေနဲ့ အတူတူ စုစားလို့ ကောင်းတာက နာဘဲ (Nabe) ပါ။ ပြုတ်ရည်ပူပူထဲကို အသီးအရွက်၊ အသား၊ ဖက်ထုပ်၊ ခေါက်ဆွဲ ကြိုက်တာ ထည့်စားရတာမို့ ပျော်စရာလည်း ကောင်းပါတယ်။
အိုနီဂီရိ (Onigiri)
ဆူရှီလို ထမင်းနဲ့ ရေညှိ လိပ်ထားတာချင်း တူပေမယ့် အိုနီဂီရိ (Onigiri) ကတော့ နည်းနည်း ကွဲလွဲပါတယ်။ ထမင်းကို အရသာတွေနဲ့ နယ်ပြီး အသီးအရွက်၊ ပင်လယ်စာတွေနဲ့ အထဲမှာ ဌာပနာ သွင်းထားတာပါ။ အလွယ်ကူဆုံး လုပ်လို့လွယ်တဲ့ ဂျပန်စာလို့ ပြောကြပြီး ကလေးတွေအတွက် သူတို့ကြိုက်မယ့် ကာတွန်းပုံလေးတွေ ဖော်ပြီး မိခင်တွေက နေ့လယ်စာ လုပ်ပေးလေ့ ရှိကြပါတယ်။
ကြွပ်ကြွပ်ရွရွပန်ကိတ် (Okonomiyaki)
အရသာရှိတဲ့ အစာတွေကို တဆင့်ပြီးတဆင့် ထပ်ကြော်ထားတဲ့ ကြွပ်ကြွပ်ရွရွ ပန်ကိတ် (Okonomiyaki) ကလည်း နောက်ထပ် အရသာရှိပြီး စားကောင်းတဲ့ ဂျပန်စာ တမျိုးပါ။ ကိုယ်စားချင်တာကို ပန်ကန်လုံး တလုံးထဲ ထည့်ပြီး ပေးလိုက်ရုံနဲ့ အနံ့၊ အရသာရှိတဲ့ ပန်ကိတ်လေးဖြစ်အောင် ဖန်တီးပေးမှာပါ။
သကြားလုံး (Candy)
သကြားလုံးဆိုပေမယ့် ဂျပန်က သကြားလုံးတွေကတော့ မတူပါဘူး။ အရသာအမျိုးမျိုး ရှိပြီး လှလှပပ ဖန်တီးထားလို့ မြင်လိုက်တာနဲ့ မစားရက်လောက်အောင် ဖြစ်သွားစေမှာပါ။ ဈေးထဲကဆိုင်မှာ မတွေ့ရင်တောင် အိမ်နီချင်း ဂျပန်လူမျိုးတွေက သင့်အတွက် ပြင်ဆင်ပေးနိုင်ပါတယ်။
အသားလွှာ (Sashimi)
ရေပတ်လည်ဝိုင်းနေတဲ့ ဂျပန်ကျွန်းလေးမှာ နောက်ထပ် နာမည်ကျော် အစားအစာတမျိုးက ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေကို လွှာထားတဲ့ အသားလွှာ (Sashimi) ပါ။ ဆယ်လ်မွန်၊ တူနာ၊ ပြည်ကြီးငါးနဲ့ pufferfish အစိမ်းတွေကို သုံးလေ့ ရှိပါတယ်။ အခုနောက်ပိုင်း ပင်လယ်စာ မဟုတ်ဘဲ နာမည်ကြီးလာတဲ့ ဆာရှီမိကတော့ မြင်းအသားပါ။
အသားပြားကြော် (Tonkatsu)
ဝက်သားကို ဆီထဲထည့်ပြီး ကြွပ်ကြွပ်ရွရွကြော်ထားတဲ့ အသားပြားကြော် (Tonkatsu) ပူပူလေးကို ထမင်း၊ ကော်ဖီ၊ tonkatsu ဆော့စ်လေးနဲ့ တွဲဖက်စားလိုက်ရတဲ့ အရသာက ပြောမပြတတ်အောင်ပါ။ ဝက်သားအပြင် ကြက်သားနဲ့လည်း ရှိပါတယ်။
ခါရီ (Curry)
အသားပြားကြော်နဲ့ ဆင်တူပေမယ့် သူ့ထက်ပိုလို့တောင် အရသာရှိတယ်လို့ ဆိုကြတဲ့ ခါရီ (Curry) ကတော့ အသားကို ဟင်းအနှစ်ကျအောင် ချက်ပြီး ထမင်းနဲ့ တွဲစားရတဲ့ ပုံစံပါ။ အရသာ ပိုလေးပင်ပြီး ဟင်းခတ် အမွှေးကြိုင် အစုံသုံးပြီး ချက်ကြပါတယ်။
ကာကီဂိုရီ (Kakigori)
ကာကီဂိုရီ (Kakigori) ဆိုတာ ရေခဲခြစ်တွေကို အဝိုင်းပုံစံဖော်ပြီး ကြိုက်နှစ်သက်ရာအရသာကို အပေါ်က ဆမ်းပေးထားတဲ့ အချိုပွဲပါ။ ပဲ၊ ရေခဲမုန့်၊ custard၊ သစ်သီးနဲ့ မိုချီ တို့ အပေါ်က တင်လေ့ ရှိပါတယ်။ စားနေကျသူတွေရဲ့ အတွေ့အကြုံအရ ကာကီဂိုရီ မှာမယ်ဆိုရင် အရွယ်အစားကြီးလေ အရသာ ပိုရှိလေပါတဲ့။ ။
ဆက်စပ် သတင်းလင့်ခ်များ
ဂျပန်နိုင်ငံ ရောက်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ ပင်လယ်စာ ၁၀ မျိုး
ဆောင်းရာသီမှာ မြည်းစမ်းသင့်တဲ့ ကိုရီးယား အစားအစာ ၇ မျိုး
Ref: Japan Insides