အာရှနိုင်ငံအများစုမှာ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ရိုးရာအစားအသောက်တွေ ကိုယ်စီ ရှိကြပြီး အာရှသားတွေ ဖန်တီးပြုလုပ်ထားတဲ့ အစားအစာတွေဟာဆိုရင် ဥရောပနိုင်ငံတွေမှာ နာမည်ကြီး ရေပန်းစားတဲ့ အစားအစာတွေအဖြစ် ရှိနေပါတယ်။
အခုဖော်ပြပေးမှာက ဥရောပနိုင်ငံတွေမှာ လူကြိုက်များ ရေပန်းစားကြတဲ့ အာရှအစားအစာတွေထဲက တချို့ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။
(၁) ငါးအသားလုံး
အာရှနိုင်ငံ အများစုမှာ ရရှိနိုင်တဲ့ ငါးအသားလုံးဟာ အမေရိကန်လူမျိုးတွေရဲ့ ဟော့ဒေါ့ပုံစံကို မှီငြမ်းပြီး ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ စွပ်ပြုတ်၊ အချဉ် စတာတွေနဲ့ တွဲဖက်စားသုံးရတဲ့ ငါးအသားလုံး တုတ်ထိုးဟာ ဆိုရင်တော့ ဟောင်ကောင်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး စားသောက်ကြတဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
(၂) ကြက်ဆီထမင်း
မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ တရုတ်နဲ့ မြန်မာနိုင်ငံမှာပါ ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်ကြတဲ့ ကြက်ဆီထမင်းဟာဆိုရင်လည်း ဥရောပနိုင်ငံတွေမှာ ရေပန်းစားတဲ့ အစားအစာတမျိုးပါ။ နူးညံတဲ့ ကြက်သား အရသာအပြင် တွဲဖက်စားသုံးရတဲ့ သခွားသီး၊ ငရုတ်ချဉ်ဆော့စ်နဲ့ နိုင်ငံအလိုက် ကွဲပြားခြားနားတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ပါဝင်ထည့်သွင်း ချက်ပြုတ်မှု ကြောင့် ဥရောပသားတွေ ခံတွင်းတွေ့တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
(၃) ဒင်ဆမ်း(Dim Sum)
ဒင်ဆမ်းရဲ့မူလရင်းမြစ် ဖန်တီးပြုလုပ်သူတွေကတော့ တရုတ်လူမျိုးတွေပဲ ဖြစ်ကြပြီး ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အာရှနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေမှာပါ ဧည့်ခံကျွေးမွေးစရာ အစားအစာတခုအဖြစ် ရေပန်းစားနေပါတယ်။ ရွေးချယ် စားသုံးစရာ အမျိုးအမည်တွေ စုံလင်လှတဲ့အပြင် လက်ဖက်ရည်ကြမ်းနဲ့ တွဲဖက်စားသုံးမယ် ဆိုရင်တော့ ထူးကဲလှတဲ့ အရသာကို ပေးစွမ်းနိုင်တာကြောင့် ဥရောပနိုင်ငံတွေမှာ လူကြိုက်များနေပါတယ်။
(၄) ဆူရှီ
ထူးထူးထွေထွေ မိတ်ဆက်ပြောပြနေစရာ မလိုအောင်ကို အာရှနိုင်ငံတွေမှာရော ဥရောပနိုင်ငံတွေမှာပါ နာမည်ကြီး လူကြိုက်များလှတဲ့ ဂျပန်လူမျိုးတွေရဲ့ ဆူရှီဟာဆိုရင် ထူးကဲတဲ့ အရသာနဲ့ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားမှုတွေကြောင့် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
(၅) တုန်ယမ်းဟင်းချို
ဥရောပနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ အာရှစားသောက်ဆိုင်တွေရဲ့ menu စာရင်းမှာ မပါမဖြစ်ဖြစ်တဲ့ တုန်ယမ်းဟင်းချိုရဲ့ မူလအစကတော့ ထိုင်းနိုင်ငံက ဖြစ်ပါတယ်။ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ လူကြိုက်များကြတဲ့ တုန်ယမ်းဟင်းချိုရဲ့ ထူးကဲလှတဲ့ ချဉ်ချဉ်စပ်စပ် အရသာကြောင့် အာရှသားတွေရော ဥရောပသားတွေကပါ အထူးနှစ်ခြိုက်နေကြတာပဲ ဖြစ်ပါတယ်။
Ref : www.nomad4ever.com