ရာစုနှစ်တခုကြာမြင့်နေပြီဖြစ်တဲ့ အဆောက်အဦတွေရှိရာ အရှေ့တောင်အာရှရဲ့ ယဉ်ကျေးမှုထွန်းကားရာနယ် မြေ ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟနွိုင်းဟာ တရုတ်နဲ့ ပြင်သစ်ယဉ်ကျေးမှု ရောယှက်နေတဲ့မြို့လည်း ဖြစ်ပါတယ်။
ဈေးကြီးတွေနဲ့ လမ်းဘေးအစားအစာတွေကြောင့် နာမည်ကျော်နေတဲ့ မြို့တော်ဟနွိုင်းက ၁ ဒေါ်လာတန် အစား အသောက်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စာဖတ်သူတွေလည်း ဟနွိုင်းကို သွားရောက်လည်ပတ်တဲ့အခါ ဈေးသက်သာတဲ့ ဗီယက်နမ်စာတွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။
Hot Snail Noodle (BÚN ỐC GIANG)
ခရမ်းချဉ်သီးထည့်ချက်ထားတဲ့ ပြုတ်ရည်ထဲကို ဆန်ခေါက်ဆွဲ၊ ဝက်သားနဲ့ ခရုတွေထည့်ထားတဲ့ မနက်စာကို ဗီယက်နမ်လူမျိုးတွေ အကြိုက်တွေ့ကြပါတယ်။ ရှမ်းခေါက်ဆွဲနဲ့ပုံစံတူတဲ့ ခရုခေါက်ဆွဲထဲကို ကြက်သွန်မြိတ်၊ ငရုတ်နှစ်၊ ငရုတ်ကောင်းနဲ့ ရှာလကာရည်ကို ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ထည့်ဖြည့်စားကြပါတယ်။ ခရုခေါက် ဆွဲတပန်းကန်ကို ဗီယက်နမ်ဒေါင် ၄ သောင်း (၁.၇၁ ဒေါ်လာ) ကျသင့်ပါတယ်။
Vietnamese Sandwich (Bánh mì)
ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် Bánh mì ကို လူကြိုက်များကြလို့ ဗီယက်နမ်တနိုင်ငံလုံးရဲ့ လမ်းတိုင်း လိုလိုမှာ အရောင်းဆိုင်တွေကို တွေ့ရပါတယ်။ ပေါင်မုန့်ထဲကို ကြိုက်နှစ်သက်ရာအသား (သို့) ပဲပြားထည့်၊ ငရုတ်ကောင်းဖြူးလို့ oven ထဲမှာ ၂ မိနစ်လောက် အပူပေးပြီးရင်တော့ ဝက်သားပြုတ်ရည်ဆော့၊ နံနံပင်၊ မုန် လာနီချဉ်ထည့်လိုက်တဲ့အခါ ပြည့်စုံတဲ့အသားညှပ်ပေါင်မုန့် Bánh mì ရပါပြီ။
အသားညှပ်တလုံးကို ဗီယက်နမ် ဒေါင် ၂ သောင်းခွဲ (၁.၀၇ ဒေါ်လာ) ကျသင့်ပါတယ်။
Vermicelli noodles with tofu and rice pork cake with shrimp paste (Bún đậu)
နောက်ထပ်တမျိုးကတော့ အဆာပြေမုန့်အဖြစ် စားကြတဲ့ ဆန်ခေါက်ဆွဲနဲ့ ပဲပြားကြော်၊ ဝက်သားကြော်ကို ငါးပိအနှစ်ဆော့နဲ့ တွဲစားကြတဲ့ ဗီယက်နမ်စာတမျိုးပါ။ ဝါးလိုက်တိုင်း ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ပဲပြား ကြော်နဲ့ ဝက်သားကြော်လေး ရယ် တို့စားဖို့ငါးပိအနှစ်ထဲကို ကြိုက်နှစ်သက်သလို ငရုတ်သီး၊ သကြားထည့် သံပုရာ သီးလေးညှစ်ထည့်စားကြပါသေးတယ်။
တပွဲကို ဗီယက်နမ်ဒေါင် ၃ သောင်းကနေ ၄ သောင်းကြား (၁.၂၉ – ၁.၇၂ ဒေါ်လာ) ကျသင့်ပါတယ်။
Yogurt with pandan leaf jelly
အစားအသောက်တွေမြည်းစမ်းပြီး အီသွားလို့ အချိုတည်းချင်တယ်ဆိုရင် ဗီယက်နမ်စတိုင် ဆွမ်းမွှေးရွက်ဂျယ် လီကို ဒိန်ချဉ်၊ နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ပိန္နဲသီးစိတ်လေးတွေထည့်ပြီး နို့စိမ်းနဲ့အုန်းနို့ရည်ဆမ်းထားတဲ့ အပေါ်ကို ရေခဲခြစ်တင်ပေးလိုက်တဲ့ အချိုပွဲပန်းကန်က သင့်ကိုဆွဲဆောင်နေမှာပါ။
တခွက်ကို ဗီယက်နမ်ဒေါင် ၃ သောင်း (၁.၂၉ ဒေါ်လာ) ကျသင့်ပါတယ်။
Shrimp Cake and Pillow Cake (BÁNH TÔM HÀNG BỒ)
ပုစွန်၊ အာလူးကို ဆန်မုန့်အနှစ်နဲ့ကြော်ထားတဲ့ပုစွန်ကြော်ရယ်၊ အစာသွပ်မုန့်ထဲမှာ မှို၊ ဝက်သား၊ ပဲကြာဆန်၊ ဝက် အူချောင်း၊ မုန်လာဥနီထည့်ထားတဲ့ ခေါင်းအုံးအစာသွပ်မုန့်ကြော်ကလည်း မြင်လိုက်တာနဲ့ မြည်းစမ်းကြည့်ချင် စရာပါ။
အကြော်တွေနဲ့ အအီပြေတွဲဖက်စားဖို့ ရှာလကာရည်နဲ့ ရေအချိုးကျရောထားတဲ့ထဲမှာ သင်္ဘောသီး အစိမ်းလေးတွေ ပါးပါးလှီးထည့်ထားတဲ့ ဆော့စ်လေးလဲပါ,ပါတယ်။
ပုစွန် ကြော် ၂ ခုကို ဗီယက်နမ်ဒေါင် ၂ သောင်း ၆ ထောင် (၁.၁၂ ဒေါ်လာ) နဲ့ ခေါင်းအုံးအစာသွပ်မုန့်ကြော်တခုကို ဗီယက်နမ်ဒေါင် ၈ ထောင် (ဝ.၃၄ ဒေါ်လာ) ကျသင့်ပါတယ်။
Ref: Best Ever Food Review Show