ဂျပန်အစားအစာတွေကို အိမ်မှာ မိသားစုနဲ့ အရသာရှိရှိ ကျန်းမာရေးနဲ့ ညီညွတ်စွာပြုလုပ်စားသုံးချင်သူတွေအတွက် လွယ်လွယ်ကူကူ ပြုလုပ်စားသုံးနိုင်တဲ့ ဂျပန်အစားအစာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) Chawan Mushi
ဒါကတော့ ကြက်ဥရှိရုံနဲ့ အလွယ်တကူပြုလုပ်စားသုံးနိုင်မယ့် Chawan Mushi လို့ခေါ်တဲ့ ဂျပန်ကြက်ဥပေါင်းပဲ ဖြစ်ပါတယ်။ ကြက်ဥ ၅ လုံးခန့်ကို ဖောက်ပြီးမွှေထားတဲ့အထဲကို ကြက်သွန်မြိတ်၊ ကြက်သား ဒါမှမဟုတ် မိမိနှစ်သက်ရာ အသားတမျိုးမျိုးကိုရောစပ်ပြီး ဆားအနည်းငယ်၊ ငံပြာရည် (shoyu) အနည်းငယ်နဲ့ ဂျပန်အချို့မှုန့် Dashi အနည်းငယ်ထည့်ကာ သမအောင် မွှေပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်ခန့်ပေါင်းပေးရုံနဲ့ အရသာရှိပြီးအာဟာရလည်းပြည့်တဲ့ Chawan Mushi ကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။
(၂) Tempura
ဂျပန်အစားအစာတွေမှာ နာမည်ကြီးလှတဲ့ အစားအစာတခုဖြစ်တဲ့ Tempura ကိုပြုလုပ်စားသုံးဖို့အတွက် တန်ပူရာအမှုန့် အနည်းငယ်၊ ကြက်ဥတလုံး၊ ရေခဲရေတို့ကို ရောစပ်ပြီး သမအောင်မွှေပေးရပါမယ်။ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ အသီးအရွက်၊ အသား၊ ပုစွန် အစရှိတာတွေကို တန်ပူရာ အနှစ်ရည်ထဲကို နှစ်ပြီး ဆီပူပူမှာ ကြော်ပေးရုံနဲ့ ကြွပ်ကြွပ်ရွရွနဲ့အရသာရှိတဲ့ Tempura ကို စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။
(၃) Japanese Potato salad
ဂျပန်လူမျိုးတွေ အများဆုံးပြုလုပ်စားသုံးကြတဲ့အထဲမှာ ဂျပန်စတိုင် အာလူးသုပ်ကလည်း တမျိုးအပါအဝင်ပဲဖြစ်ပါတယ်။ အခွံခွာထားပြီးသား အာလူးနဲ့ မုန်လာဥနီတို့ကို အဝတ်စ ခပ်ပါးပါးထဲ ထည့်ကာ မိနစ် ၃၀ ခန့်ပေါင်းပေးပြီး အာလူးကို ချေလိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်း၊ ဆား၊ သကြား၊ မရောနိစ်၊ ရှာလကာရည် အနည်းငယ်၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ သခွားသီးနဲ့ မညက်တညက် ချေထားတဲ့ မုန်လာဥနီတို့ကို ရောစပ်နယ်ပေးရုံနဲ့ အရသာရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
Ref: www.justonecookbook.com