မြန်မာနိုင်ငံမှာ ပေါပေါများများတွေ့ရတဲ့ (Butterfly Pea Flower) မြန်မာလို “အောင်မဲညို”လို့ခေါ်ကြတဲ့ ဒီအပြာရောင်ပန်းလေးတွေဟာဆိုရင် သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် အခုနောက်ပိုင်းမှာ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေမှာတော့ အောင်မဲညိုပန်းကို အစားအစာတွေမှာ အရောင်ထည့်သွင်း ပြုလုပ်တဲ့အခါမျိုးမှာ Food Colour အဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ မလေးရှားနိုင်ငံမှာတော့ ထမင်းထဲထည့်သွင်း ချက်ပြုတ်ကြပြီး ထိုင်းနိုင်ငံမှာတော့ ဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးလေ့ရှိကြပါတယ်။
နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် အောင်မဲညိုလက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။
(၁) အောင်မဲညို လက်ဖက်ရည်ကြမ်းဟာ Green Tea လက်ဖက်ရည်ကြမ်းမှာလိုပဲ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။
(၂) အောင်မဲညို လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးပြဿနာတွေဖြစ်တဲ့ မျက်လုံးညောင်းညာ ကိုက်ခဲခြင်းတွေနဲ့ အမြင်အာရုံမှုန်ဝါးခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၃) ၂၀၀၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ အောင်မဲညိုပန်းဟာ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပြီး စိတ်ကျရောဂါအပါအဝင် စိုးရိမ်ပူပန်မှုလွန်ကဲတာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။
(၄) အခုနောက်ပိုင်းမှာဆိုရင် အောင်မဲညိုပန်းကို အခြေခံပြီးထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေ ပေါ်ထွက် လာနေကြပြီပဲဖြစ်ပြီး အောင်မဲညိုပန်းဟာ အသားအရေကို နုပျိုတင်းရင်းစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို လျော့ကျစေနိုင်ပြီး ဆံကေသာကျန်းမာရေးအတွက်လည်း အသုံးတည့်တဲ့ သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိတဲ့ အောင်မဲညိုပန်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအဖို့တော့ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါ့အပြင် မိမိကျန်းမာရေးကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာလည်း အောင်မဲညိုပန်းကို ဆေးဝါးတွေနဲ့ တွဲဖက်မသောက်သုံးသင့်ပါဘူး။
Ref : articles.mercola.com