ဒီတပတ် ကိုရီးယားစတိုင် ကင်မ်ချီ ဂျုံခေါက်ဆွဲသုပ် (Bibimmyeon – Spicy Cold Kimchi Noodles) လုပ်နည်း ပြောပြပေးချင်ပါတယ်။ ပူအိုက်တဲ့အချိန်မှာ ပူစပ်စပ်လေးနဲ့ ရေခဲတုံးစိမ်ထားတဲ့ ကင်မ်ချီခေါက်ဆွဲသုပ် အေးအေးလေးကို လုပ်စားလေ့ရှိကြပါတယ်။ ခံတွင်းပျက်လို့ ထမင်းစား မဝင်တဲ့အခါမျိုးမှာ လုပ်ရတာလည်း လွယ်ပြီး ခံတွင်းမြိန်စေမယ့် ကင်မ်ချီခေါက်ဆွဲသုပ်လေး အလုပ်ပိတ်ရက်မှာ လုပ်စားကြည့်ရအောင်။
ကင်မ်ချီခေါက်ဆွဲသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ —
ဂျုံခေါက်ဆွဲ (Wheat Noodle)
ကင်မ်ချီ
သခွားသီး
ကြက်ဥ
ကိုရီးယားငရုတ်နှစ် (Gochujan)
Rice Vinegar
ပျားရည်
သကြား
နှမ်းဆီ
နှမ်းစေ့ တို့ ပါဝင်ပါတယ်။
အရင်ဆုံး သခွားသီးကို ခပ်ပါးပါး အမြှောင်းလေးတွေရအောင် လှီးထားပါ။ ဂျုံခေါက်ဆွဲကို စားမယ့်လူဦးရေပေါ် မူတည်ပြီး ပြုတ်ထားပါ။ ကင်မ်ချီကို အနေတော် တလုပ်စား စားနိုင်အောင် ပိုင်းဖြတ်ထားပါ။ ကြက်ဥကိုတော့ နောက်ဆုံး ခေါက်ဆွဲသုပ်ပေါ်မှာ တင်မှာမလို့ ကြိုပြုတ်ထားရပါမယ်။
အားလုံးပြင်ဆင်ပြီးပြီးဆိုရင် ပြုတ်ထားတဲ့ ဂျုံခေါက်ဆွဲတွေကို ရေအေးအေးနဲ့ ၁ မိနစ်လောက် ဆေးချပါ။ ပြီးရင် ရေခဲရေထဲ ထည့်စိမ်ထားပါ။ ခေါက်ဆွဲ မသုပ်ခင် အသုပ်ထဲထည့်မယ့် ငရုတ်နှစ်ကို အရင်လုပ်ပါမယ်။ ကိုရီးယား ငရုတ်နှစ်ထဲကို ပျားရည်၊ သကြား၊ ရှာလကာရည်၊ နှမ်းဆီ ထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်ဘေးမှာ ခဏ ဖယ်ထားပါ။
သုပ်စားတော့မယ်ဆိုရင် ရေခဲရေ စိမ်ထားတဲ့ ခေါက်ဆွဲတွေကို စစ်လိုက်ပါ။ ပြီးရင် စားမယ့် ပန်းကန်းထဲ ထည့်ပြီး ခုနက ဖျော်ထားတဲ့ ငရုတ်အနှစ် လောင်းထည့်ပါ။ ခေါက်ဆွဲနဲ့ အနှစ်ကို သမအောင် ရောမွှေပါ။ အပေါ်ကနေ နှမ်းစေ့ အနည်းငယ်ဖြူးပါ။ သခွားသီးနဲ့ ကြက်ဥပြုတ်ကို အပေါ်ကနေ တင်လိုက်ရင် အရသာပြည့်စုံတဲ့ ကိုရီးယား ကင်မ်ချီခေါက်ဆွဲသုပ် ရပါပြီ။
Ref: My Korea Kitchen