ကမ္ဘာပေါ်မှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ နာမည်ကျော် Pizza Hut ဆိုင်ကတော့ တခြားအပြိုင်ဆိုင်တွေထက် ထူးခြားအောင် ဘီယာကိုပါ အိမ်တိုင်ရာရောက် ပို့ဆောင်တဲ့လုပ်ငန်းကို ထပ်မံတိုးချဲ့လိုက်ပါတယ်။
ဘီယာအိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် အစီအစဉ်သစ်ကို ဇန်နဝါရီလ ၇ ရက်နေ့က ကြေညာပေးခဲ့ပြီး ဒီနှစ် နွေရာသီမှာ နေရာပေါင်း ၁,၀၀၀ ကျော်လောက် ပို့ဆောင်းပေးနိုင်အောင် တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်နိုင်ငံထဲက မြို့တွေဖြစ်တဲ့ ဖလော်ရီဒါ၊ အိုင်အိုဝါ၊ ကယ်လီဖိုးနီးယား၊ အာရီဇိုးနား၊ အိုဟိုင်းယိုး၊ မြောက်ကယ်လိုရိုင်းနားစတဲ့ နေရာတွေမှာ စတင် ဝန်ဆောင်မှု ပေးနေပါပြီ။
ဒီနေ့ခေတ် ဆိုင်မှာ လာစားတဲ့သူ အရေအတွက်ထက် အိမ်ကနေ မှာယူစားသောက်သူ အရေအတွက် ပိုများလာတာကြောင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရေး လုပ်ငန်းတွေကို တိုးချဲ့စီစဉ်လာကြပါတယ်။ ဒါကြောင့်လည်း Pizza Hut က အရှိန်မြင့်တဲ့အနေနဲ့ အခု အစီအစဉ်ကို လုပ်ဆောင်လာတာပါ။
ဒါပေမဲ့ ဘီယာကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်တာ Pizza Hut အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်ကလည်း အခုလို ဝန်ဆောင်မှုပေးခဲ့တယ်လို့ ဝက်ဘ်ဆိုဒ်စာ မျက်နှာမှာ ဖော်ပြထားပါတယ်။
Pizza Hut ရဲ့ တာဝန်ရှိသူတဦးက “ဒီအစီအစဉ်ကို စတင်လိုက်တာ ရောင်းအားကို အရှိန်မြင့်မောင်းနှင်လိုက် သလိုပါပဲ။ အပြုသဘောဆောင်တဲ့ တုံပြန့်မှုတွေပြန်ရပါတယ်” လို့ CNN သတင်းဌာနကို ပြန်ဖြေကြားခဲ့ပါတယ်။
နှစ်အတော်ကြာ Pizza Hut ရဲ့ရောင်းအားက တခြားပီဇာဆိုင်တွေဖြစ်တဲ့ Domino’s, Papa John’s, Little Caesars တို့ထက် သာလွန်ခဲ့ပေမယ့် မနှစ်က Domino’s ဆိုင်က ပထမဆုံးအဖြစ် ရောင်းအားပိုများသွားခဲ့လို့ အခုလိုအိမ်တိုင်ရာ ရောက်ဝန်ဆောင်မှုတွေကို ထပ်တိုးချဲ့လာတာပါ။
Pizza Hut က ပြန်ပြီး Domino’s ဆိုင်ရဲ့ရောင်းအားထက် သာလွန်အောင် ပိုပြီးပူနွေးတဲ့ ပီဇာတွေကို အချိန်မီ ပို့ဆောင်နိုင်အောင် ဝန်ဆောင်မှု ပေးနေတဲ့အပြင် အိမ်ကို အချိန်တိုတွင်းရောက်မယ့် နည်းလမ်းအသစ်တွေကိုလည်း အသုံးပြုနေပါတယ်။
အခု ထပ်မံတိုးချဲ့လိုက်တဲ့ ဝန်ဆောင်မှုက ဆိုင်ခွဲတည်နေရာတွေ အားလုံးက အရက်လိုင်စင် ရရှိထားပြီးလည်း ဖြစ်ပါတယ်။ မှာယူနိုင်မယ့် ဘီယာအမျိုးအစားတွေကို အစုံလင်ဆုံးဖြစ်အောင် စီမံပေးထားသလို မှာယူတဲ့ စားသုံးသူတွေ အသက်ပြည့် မပြည့် သိရအောင် Pizza Hut က ဝန်ထမ်းတွေက အရင်အတည်ပြုသွားမှာပါ။
Ref: CNN