ပိတ်ရက်မှာ ကလေးတွေလေးအကြိုက်၊ မိသားစုတွေလည်း အဆာပြေစားလို့ရမယ့် ကြွပ်ကြွပ်ရွရွနဲ့ ချိုဆိမ့်အရသာ ငှက်ပျောကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ငှက်ပျောသီးကို အလုံးလိုက် ဆီပူထဲနှစ်ကြော်စားကြသလို၊ အဝိုင်းလေးတွေလှီးပြီး အခြောက်လှန်းပြီးလည်း ကြော်စားကြတာမျိုး ရှိပါတယ်။ အခုနည်းကတော့ အခြောက်ခံ ပြီးမှ ပြန်ကြော်မယ့်ပုံစံပါ။
ငှက်ပျောကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
ငှက်ပျောသီး
ထောပတ်
သကြားအညို
ဆား
ဆီ တို့ပါဝင်ပါတယ်။
ငှက်ပျော မကြော်ခင် အရင်ဆုံး အနေတော် မှည့်နေတဲ့ ငှက်ပျောသီးတွေကို ခပ်ပါးပါးအဝိုင်းလေးတွေလှီးပြီး နာရီ ဝက်၊ ၁ နာရီလောက် အခြောက်ခံထားပါ။ နာရီဝက်လောက်ရှိပြီဆိုရင် ငှက်ပျောကြော်ဖို့ ပြင်ဆင်လို့ရပါပြီ။
ကြော်မယ့်ဒယ်အိုးကို မီးဖိုးပေါ်တင်ပါ။ ဆီကို နှစ်ကြော်ရမှာမလို့ အိုးထဲ ဆီများများထည့်ထားဖို့ လိုပါတယ်။ ဆီပူလာပြီဆိုရင် ထောပတ်ထည့်ပါ။ ထောပတ် ထည့်ကြော်တဲ့အတွက် ဆိမ့်ဆိမ့်လေးနဲ့ ပိုစားကောင်းပါတယ်။ ဆီပူလာရင် ထောပတ်ထည့်ပြီး လေသလပ်ခံထားတဲ့ ငှက်ပျောသီးအဝိုင်းလေးတွေကို ရွှေအိုရောင် သန်းလာတဲ့ထိ ထည့်ကြော်ပါ။
ရွှေအိုရောင်သန်းလာပြီဆိုရင် ဒယ်အိုးထဲက ဆယ်ပြီး ဆီစစ်ပါ။ ဆီစစ်ပြီးရင်တော့ ကြော်ထားတဲ့ ငှက်ပျောကြော်ကို သကြားအညို အနည်းငယ်၊ ဆား အနည်းငယ်နဲ့ မွှေလိုက်ရင် ကြွပ်ကြွပ်ရွရွလေးနဲ့ ချိုဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ငှက်ပျောကြော် ရပါပြီ။ နေ့လယ်နေ့ခင်း အဆာပြေစာအတွက် အထူးလိုက်ဖက်စေမှာပါ။
အိမ်မှာ ငှက်ပျောသီးတွေ များနေလို့ တာရှည်ခံအောင် လုပ်ချင်ရင် ငှက်ပျောသီးတွေကို အနေတော် အဝိုင်းပြားလေးတွေ လှီးပြီး အခြောက်ခံပါ။ နေရောင်နဲ့ အခြောက်ခံမယ်ဆိုရင် အနည်းဆုံး ၂ ရက်လောက် အခြောက်ခံရပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောသီးခြောက်တွေကို ၅ နှစ်ကနေ ၁၀ နှစ်လောက်ထိ တာရှည် သိမ်းထားနိုင်ပါတယ်။
Ref: Yummy