စီချွမ်အစားအစာတမျိုးဖြစ်တဲ့ မာလာရှမ်းကောဟာ သူ့ရဲ့ပူပူစပ်စပ်အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ရနံ့ကြောင့် မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ အလွန်ရေပန်းစားတဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။
ငရုတ်သီးအပါအဝင် စီချွမ်ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ပေါင်း ၅၀ ကျော်ခန့်နဲ့ ပြုလုပ်ထားတဲ့ မာလာရှမ်းကောကို ဘာကြောင့်မကြာခဏ မစားသင့်ဘူးလဲဆိုတာကိုတော့ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) မာလာရှမ်းကောထဲမှာ ပါဝင်တဲ့ ရနံ့မွှေးကြိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ Zanthoxylum ဆိုတဲ့ Compound တမျိုးပါဝင်ပြီး ဒီ Compound ဟာ သာမန်အားဖြင့်တော့ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် မကြာခဏ စားသုံးနေမယ်ဆိုရင်တော့ အစာအိမ်နာတာ၊ အစာအိမ်ရောင်တာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနဟာ ၁၉၆၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ စီချွမ်အစားအစာဖြစ်တဲ့ မာလာရှမ်းကောမှာ ထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ငရုတ်သီးတွေမှာ မှိုနဲ့ ဘက်တီးရီးယားတွေကို တွေ့ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်လောက်မှာ စီချွမ်ဟင်းခတ်အမွှေးအကြိုင်တွေ ပိတ်ပင်ခြင်းကို ပိုမိုတိုးမြှင့်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို အပူချိန် 70C (158F)အထိအပူပေးပိုးသတ်ကာ တင်သွင်းခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ မာလာရှမ်းကောထဲမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတွေကို ဒီလိုမျိုးပိုးသတ်ပြီးမှ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ တင်းကျပ်တဲ့ စစ်ဆေးတားမြစ်မှုတွေ မရှိတာကြောင့် မာလာရှမ်းကောကြိုက်နှစ်သက်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။
(၃) အစားအစာတွေမှာ ပါဝင်တဲ့ Sodium (ဆားဓာတ်) ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုသွားရင်တော့ သွေးတိုးရောဂါအပါအဝင် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မာလာရှမ်းကောမှာဆိုရင်တော့ ဆားဓာတ်ပါဝင်မှုဟာ သာမန်ဟင်းပွဲတွေထက် ပိုမိုများပြားတတ်တာကြောင့် မကြာခဏစားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်မှာပဲ ဖြစ်ပါတယ်။
Ref. www.quora.com