အော်ဂဲနစ် အစားအစာတွေဆိုတာ ဒီနေခေတ်မှာ တွင်ကျယ်လာတဲ့ ကျန်းမာရေး ဓာတ်စာတွေပါ။ ကျန်းမာရေးကို ဂရုစိုက်လာကြတာနဲ့အမျှ အသင့်စား အစားအသောက်တွေ၊ ဓာတုဆေးဝါး အသုံးပြုထားတဲ့အစားအစာတွေထက် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အော်ဂဲနစ် အစားအစာတွေကို ပိုရွေးချယ်လာကြတာပါ။
အော်ဂဲနစ်အစားအစာတွေ စားတဲ့အခါ ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို စားသုံးနေသူတွေကိုယ်တိုင် ဝေခွဲမရ ဖြစ်နေဆဲပါ။ သြစတေးလျနိုင်ငံမှာ စေတနာ့ဝန်ထမ်း ၁၃ ယောက်နဲ့ ၂ ပတ်အကြာ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတွေကို နေ့စဉ်စားမယ့် အစားအစာတွေထဲ အော်ဂဲနစ်အစားအစာ ၈၀ ရာခိုင်နှုန်းလောက်ပါအောင် ကျွေးပါတယ်။
တပတ်အကြာမှာ လူကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို ဆီးကတဆင့် စွန့်ထုတ်တဲ့ ပမာဏ ၈၉ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်လို့ လေ့လာ တွေ့ရှိကြပါတယ်။ ဒါဟာ တပတ်အတွင်း ပြောင်းလဲလာတဲ့ အော်ဂဲနစ်အစားအစာတွေရဲ့ အကျိုးကျေးဇူးတွေကြောင့်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
နောက်ထပ်လေ့လာချက်ကတော့ ဆွီဒင်နိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေး ၃ ယောက်အပါ အဝင် မိသားစု ၅ စု ကို ၃ ပတ်ကြာ လေ့လာမှု ပြုလုပ်ခဲ့ကြတာပါ။ ပထမ တပတ်ကိုတော့ သူတို့စားနေကျအတိုင်း စားစေပြီး နောက်ထပ် ၂ ပတ်ကိုတော့ အော်ဂဲနစ် အစားအစာတွေပဲ စားစေခဲ့ပါတယ်။
နေ့စဉ် စွန့်ပစ်လိုက်တဲ့ ဆီးတွေကို လေ့လာခဲ့ရာ တရက်ထက်တရက် အဆိပ်အတောက် ဓာတ်တွေစွန့်ပစ်နှုန်း လျော့နည်းလာပြီး တနေ့ကို အဆိပ်အတောက်ဓာတ် ၁၂ မျိုးလောက် လျော့နည်းသွားတာကို လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
ဒါဟာ အရွယ်ရောက်ပြီ းလူတယောက်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ဓာတ်တွေ ၉ ဆနီးပါး၊ ကလေးတွေ မှာ ၁၂ ဆနီးပါးလောက် လျော့နည်းသွားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ကလေးတွေမှာ ဆီးကတဆင့် အဆိပ်တောက်တွေ စွန့်ပစ်မှု နည်းလာလေ အားဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပိုများလေဆိုတာ ပထမတရက်နဲ့တင် တိုင်းတာနိုင်ခဲ့ပါတယ်။
အော်ဂဲနစ် အစားအစာတွေဆိုတာ တန်ဖိုးမြင့်လို့ သာမန်လူတွေ နေ့စဉ် စားသုံးဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ဒါပေမယ့်လည်း သင့်အိမ်မှာ ကလေးငယ်တွေ ရှိတယ်ဆိုရင် တတ်နိုင်သမျှ အာဟာရဓာတ်ပိုများတဲ့ အော်ဂဲနစ်အစား အစာတွေ ပိုမိုရွေးချယ် ဝယ်ယူသင့်ပါတယ်။
အာဟာရ မဖြစ်တဲ့ အဆိပ်အတောက်များတဲ့ အစားအစာတွေကို ငယ်ရွယ်စဉ် ကလေးဘဝကတည်းက နေ့စဉ် အများအပြား စားမိတဲ့အခါ ကလေးအရွယ် သွေးအားနည်းရောဂါနဲ့ ဉာဏ်ရည်ဖွင့်ဖြိုးမှု နှေးကွေးတဲ့ဖြစ်စဉ်တွေ သင့်ကလေးမှာ ခံစားရနိုင်ချေ ပိုများပါတယ်။
နေ့စဉ် အော်ဂဲနစ် အစားအစာတွေပဲ မစားနိုင်ဘူး ဆိုရင်တောင် တလမှာ ရက်အနည်းငယ်တော့ အဆိပ်တောက် ဖြစ်စေမယ့် အစားအစာတွေ မပါဘဲ စားဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
Ref: Emma Deangela