ကြက်ဥကိုအသုံးပြုပြီး လွယ်ကူရိုးရှင်းတဲ့ အစားအစာတွေ ပြုလုပ်ကြမယ်
ကြက်ဥကို ကြော်လိုက်၊ ချက်လိုက်ကလွဲလို့ ဘယ်လိုမျိုးလုပ်စားရမှန်း မသိသူတွေနဲ့ ကြက်ဥ ကြိုက်နှစ်သက်သူတွေအတွက် အာဟာရလည်းရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြုလုပ်နည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ကြက်ဥလိပ်
ကြက်ဥ ၃ လုံးလောက်ကို ဆားထည့်ပြီး နာနာမွှေပေးပါ၊ ပြီးရင်တော့ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်နဲ့ မုန်လာဥနီတွေကို ထည့်ပြီး ရောမွှေပေးပါ။ Non-stick ဒယ်အိုးအပြားထဲကို ဆီပါတယ်ဆိုရုံ ထည့်ပြီး ဆီပူလာရင်တော့ ရောမွှေထားတဲ့ ကြက်ဥတွေကို ဖြန့်ထည့်ပြီး ဇွန်းခပ်ပြားပြားလေးနဲ့ ဖြည်းဖြည်းချင်းလိပ်ပေးသွားရုံနဲ့ အရသာရှိတဲ့ ကြက်ဥလိပ်ကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။
(၂) ကြက်ဥပေါင်း
ကြက်ဥ ၃ လုံးလောက်ကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကြက်သွန်မြိတ်နဲ့ နုတ်နုတ်စင်းထားတဲ့ အသားတွေကို ထည့်ပြီး ရောမွှေပေးပါ။ ပြီးရင်တော့ ရေကို ပွက်ပွက်ဆူနေအောင် တည်ထားတဲ့ အိုးထဲကို ရောမွှေထားတဲ့ ကြက်ဥပန်းကန်ကို ထည့်ပြီး ၁၀ မိနစ်လောက် အဖုံးအုပ်ပြီး ပေါင်းထားပေးရုံနဲ့ ကြက်ဥပေါင်းကို ရရှိပြီပဲ ဖြစ်ပါတယ်။
(၃) Deviled egg
ဒါကတော့ ရုရှားလူမျိုးတွေ ပြုလုပ်စားသုံးလေ့ရှိကြတဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ ပြုတ်ထားတဲ့ ကြက်ဥထဲက အနှစ်တွေကို ဇွန်းနဲ့ အသာခပ်ယူပြီး ငရုတ်ကောင်းအပါအဝင် မိမိစားချင်တဲ့ အသား၊ Sauce နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို ရောနယ်ပြီး ကြက်ဥ အကာထဲကို ပြန်ထည့်ကာ စားသုံးကြတာပဲ ဖြစ်ပါတယ်။
(၄) Egg Chaat
ဒါကတော့ ကြက်ဥသုပ်လို့လည်း ပြောလို့ရပါတယ်။ ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေ ခံတွင်းတွေ့စေမယ့် အစားအစာဖြစ်တဲ့အပြင် ပြုလုပ်ရလည်း လွယ်ကူပါတယ်။ ပြုတ်ထားတဲ့ ကြက်ဥတွေကို ၄ စိတ် စိတ်ပြီး ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မန်ကျည်းရည်၊ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးမှုန့်နဲ့ ဆီချက် အဖတ်လေးတွေ ရောနယ်ကာ ချဉ်ချဉ်စပ်စပ် စားသုံးရတာပဲဖြစ်ပါတယ်။
Ref : food.ndtv.com