အာရှနိုင်ငံအများစုမှာ အဓိက အစားအစာအဖြစ် ထမင်းဖြူကို နေ့စဉ် စားသုံးလေ့ ရှိကြပါတယ်။ ထမင်းဖြူမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေသာမက ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းဖြူရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘယ်လိုရှိတယ်ဆိုတာ သိရှိနိုင်အောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ထမင်းဖြူ စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့-
(၁) အားအင် ပြည့်ဝစေတယ်
ထမင်းဖြူမှာ ကာဗိုဟိုက်ဒရိတ် အလုံအလောက် ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး လိုအပ်တဲ့ အားအင်တွေအတွက် အာဟာရဓာတ်တွေ အလုံအလောက် ဖြည့်တင်းပေးနိုင်ပါတယ်။
(၂) အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်
ထမင်းဖြူဟာ အစာကြေလွယ်တဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ဝမ်းပျက်လွယ်တတ်သူတွေအတွက် အကောင်းဆုံး အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။
(၃) သွေးပေါင်ချိန်ကို မျှတစေတယ်
ထမင်းဖြူမှာ Sodium (ဆားဓာတ်) ပါဝင်မှု မရှိတာကြောင့် သွေးပေါင်ချိန်ကို မျှတစေပြီး သွေးတိုးရောဂါ ရှိသူတွေပါ စားသုံးဖို့ သင့်တော်ပါတယ်။
(၄) အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်
ထမင်းဖြူမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ထမင်းဖြူရဲ့ ကျန်းမာရေး ဆိုးကျိုးတွေကတော့ –
(၁) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်
ဆီးချိုရောဂါ ဝေဒနာရှင်တွေကို ဆေးပညာရှင်တွေက ထမင်းဖြူလျှော့စားခိုင်းလေ့ ရှိတာဟာ ထမင်းဖြူဟာ ဆီးချိုတက်စေလို့ပဲ ဖြစ်ပါတယ်။ နေ့စဉ် ထမင်းဖြူစားသုံးခြင်းဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းခန့်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၂) အဝ လွန်စေတယ်
ထမင်းဖြူဟာ ကိုယ်အလေးချိန်ကို မြင့်တက်စေတာကြောင့် နိုင်ငံတကာမှာတော့ ကိုယ်အလေးချိန်လျှော့ချနေသူတွေကို ထမင်းဖြူအစား ဆန်ကြမ်းကိုသာ စားသုံးစေပါတယ်။ ဆန်ကြမ်းစားသုံးခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းညှိရ လွယ်ကူစေသလို ဝမ်းဗိုက်မှာ အဆီစုခြင်းတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
Ref : www.stylecraze.com, www.lybrate.com