Food

၂၀၁၉ မှာ ကိုယ်အလေးချိန် လျော့ချင်သူတွေကြား ခေတ်စားလာမယ့် Pegan Diet

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်မှာ ကျန်းမာရေး လိုက်စားသူတွေကြား “Keto Diet” အစီအစဉ် ခေတ်စားခဲ့ဖူးပါတယ်။ ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းသူတွေနဲ့ ကိုယ်အလေးချိန် အမြန်ဆုံး လျော့ချချင်သူတွေအတွက် ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခေတ်စားလာမယ့် Diet အမျိုးအစားကတော့ “Pegan Diet” ဆီကို ဦးတည် နေပါတယ်။

ဒါဆိုရင် Pegan Diet ဆိုတာ ဘာလဲ။ အလွယ်ဆုံးပြောရရင်တော့ ကျောက်ခေတ်ဦးပိုင်းက စားခဲ့တဲ့ ပုံစံနဲ့ သက်သတ်လွတ် စတိုင်ကို ရောမွှေထားတဲ့ ပုံစံပါ။ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေဆိုတာ ဝေးဝေးရှောင်ရမယ့် အရာတွေပါ။ Pegan ဆိုတဲ့ စကားလုံးကို Paleo နဲ့ Vegan ပေါင်းပြီး အမေရိကန်လူမျိုးသမားတော် ဒေါက်တာ မာ့ခ်ဟေမာန်က တီထွင်ထားတာပါ။

အရင်ဆုံး Paleo Diet အကြောင်းပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ဒဿမ ၆ သန်း ကျောက်ခေတ်ဦးကာလက ကျောက်ခေတ်လူသားတွေဟာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ အသီးအရွက်၊ အစေ့အဆန်၊ အသား၊ ငါးတွေပဲ စားခဲ့ရပြီး အဆီဆိုလည်း အစေ့နဲ့ အသီးက ရတာလောက်ပဲ စားခဲ့ကြတာကို ဆိုလိုတာပါ။

Vegan Diet ကိုတော့ တိရစ္ဆာန်တွေကို လူတွေရဲ့အသုံးချမှုတွေကနေ လွတ်မြောက်စေချင်တာမို့ အသားနဲ့ ပင်လယ်သတ္တဝါတွေအပြင် ဒီအကောင်တွေကထွက်တဲ့ ပစ္စည်းတွေကိုပါ မစားသောက်ဘဲ ရှောင်ကြဉ်ကြတဲ့သူတွေရဲ့ စားသောက်မှုပုံစံပါ။ ပဲပြား၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ဒိန်ချဉ်၊ အသီးအနှံတွေကိုပဲ အဓိက စားကြပါတယ်။

ဒီလိုကွဲလွဲနေတဲ့ စားသောက်မှုပုံစံ ၂ မျိုးမှာ တူညီနေတဲ့ အချက်တွေ ရှိနေပါတယ်။ သဘာဝက ရတဲ့ အစားအစာတွေကို အဓိကထား စားကြပြီး ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေထက် လတ်ဆတ် သန့်ရှင်းတဲ့သဘာဝအစာတွေကိုပဲ ရွေးချယ်စားသောက်ကြတဲ့ အချက်ပါလို့ သမားတော် မာ့ခ်က ဆိုပါတယ်။

၂ မျိုးပေါင်းစပ်ဖန်တီးထားတဲ့ Pegan Diet ရဲ့ စားသောက်မှုပုံစံ အဓိကအချက်တွေကတော့ —

အသားဓာတ်နဲ့ အဆီဓာတ်ကို ပိုပိုသာသာစားပေးပါ

အသားဓာတ်ရမယ့် အစေ့အဆန်တွေ (မြေပဲ မပါ)၊ ပဲ၊ အုန်းသီး၊ ထောပတ်သီး၊ ဆာဒင်းငါးနဲ့ သံလွင်ဆီပါအောင် အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ပါ။ သင်စားမယ့် ပန်းကန်ထဲမှာ အစေ့အဆန်နဲ့ အခွံမာသီးတွေ များများပါလေ တနေ့တာ လိုအပ်မယ့် အသားဓာတ်၊ သတ္တုဓာတ်နဲ့ လူကို ကောင်းကျိုးပြုတဲ့ အဆီဓာတ်တွေကို ရရှိစေလေပါပဲ။ ပဲဆိုလည်း ကာဗွန်ဟိုက်ဒရိတ်များတဲ့ ပဲအမျိုးအစားတွေကို အဓိက ရွေးချယ်စားပါ။ မာ့ခ်ကတော့ ပဲနီလေးက အသင့်တော်ဆုံးလို့ အကြံပေးပါတယ်။

ဟင်းရွက်ဆီနဲ့ ကစီဓာတ်ကို ရှောင်ပါ

ဟင်းရွက်ဆီဆိုတာ ပြောင်းဖူး၊ ပဲပိစပ်၊ နေကြာ စတာတွေကနေ ပြုပြင်ဖန်တီးထားတဲ့ အဆီတွေပါ။ ဒါတွေအစား အလွယ်တကူ ပျော်ဝင်နိုင်တဲ့ အုန်းသီး၊ အခွံမာသီးနဲ့ ထောပတ်သီးက အဆီတွေနဲ့ အစားထိုးပါ။ ကစီဓာတ်ပါတဲ့ ပဲအမျိုးအစားတွေကို စားသင့်ပေမယ့် ဂျုံပင်၊ ဂျုံစေ့၊ စပါးက ရတဲ့ ကစီဓာတ်တွေကိုတော့ ရှောင်ရပါမယ်။

နို့နဲ့ နို့ထွက်ပစ္စည်း စားသောက်မှုကို ထိန်းချုပ်ပါ

အရင်က နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ အများကြီးစားခဲ့ရင် အခုအခါ မစားတော့တာမျိုး ဒါမှမဟုတ် တခါတလေ နည်းနည်းပါးပါး စားဖြစ်ရုံလောက်ပဲ စားပါ။ အသီးအနှံနဲ့ အရွက်တွေကတော့ သကြားဓာတ် နည်းတာမို့ စိတ်ကြိုက် စားနိုင်ပါတယ်။ အနည်းဆုံး နေ့စဉ် စားမယ့်ထဲမှာ အသီးအရွက် ၇၅ ရာခိုင်နှုန်းလောက် ပါအောင် စားပေးပါ။ အချိုဓာတ်ကိုလည်း တခါတလေ အနည်းငယ်စားလို့ ရပါတယ်။

အသားစားတဲ့ ပမာဏကို ကန့်သတ်ပါ

Vegan Diet ကတော့ အသား၊ငါး စားတာကို လုံးဝ ကန့်သတ်ထားပေမယ့် Paleo Diet က စားတာမို့ ပေါင်းစပ်ထားတဲ့ Pegan Diet နည်းမှာ အသား အနည်းငယ်တော့ စားလို့ရပါတယ်။ ဒါပေမဲ့ အဆီနည်းတဲ့အသားကို ရွေးချယ်စားပါ။ အကောင်းဆုံးကတော့ အသားထက် လူကို အကျိုးပြုတဲ့ ဆာဒင်းငါးနဲ့ ငါးအသေးလေးတွေဆို ပို သင့်တော်ပါတယ်။

Pegan Diet ကလည်း တခြားအမျိုးအစားတွေလိုပါပဲ။ မစားရဘူးလို့ ကန့်သတ်ထားတာတွေ ရှိပေမယ့် တယောက်နဲ့ တယောက် ကျန်းမာရေး အခြေအနေချင်း မတူတာမို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို မေးပြီးမှ ရွေးချယ် စားသုံးသင့်ပါတယ်။ တယောက်နဲ့ အဆင်ပြေတိုင်း ကိုယ်နဲ့ အဆင်ပြေမပြေတာမျိုး ရှိနိုင်လို့ သတိထား ဆင်ခြင်နိုင်တာ အကောင်းဆုံးပါ။

Ref : Yummy

Did you find apk for android? You can find new Free Android Games and apps.
Loading