နေ့စဉ် ကြက်ကြော် ဒါမှမဟုတ် ငါးကြော် ပုံမှန်စားသုံးသူတွေဟာ ကင်ဆာအပြင် တခြားရောဂါတွေကြောင့် သက်တမ်းပိုတိုနိုင်တယ်လို့ လေ့လာချက်တရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေ့လာချက်မှာ နေ့တိုင်းနီးပါး ကြက်ကြော်စားသူတွေဟာ မစားတဲ့သူတွေထက် ၁၃ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ပိုမြင့်နေတယ်လို့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေ့စဉ် ငါးကြော်နဲ့ တခြား ပင်လယ်စာအကြော်တွေ စားသုံးမှုကြောင့် သေဆုံးနိုင်ခြေက တခြားသူတွေ ထက် ၇ ရာခိုင်နှုန်း ပိုများနေပြန်ပါတယ်။ “အဆင်သင့်ရနေတဲ့ အကြော်တွေဆိုတာ အမေရိကားနဲ့ တခြားနိုင်ငံတွေမှာ စားနေကျ အစားအစာတွေပါ။ ဒါပေမဲ့လည်း ရေရှည် ပြန်ကြည့်ရင် ဒီအစားအစာတွေက အန္တရာယ် ရှိပါတယ်” လို့ သုတေသနခေါင်းဆောင် Wei Bao က ဆိုပါတယ်။
ယခု လေ့လာတွေ့ရှိချက်ဟာ ယခင် လေ့လာခဲ့သမျှ မှတ်တမ်းတွေကိုပါ အခြေခံ လေ့လာခဲ့ကြပါတယ်။ အရင် လေ့လာချက်တွေမှာ အကြော်တွေနဲ့ အဆင့် ၂ ဆီးချို ၊ နှလုံးရောဂါတွေ ဆက်စပ်နေတယ်ဆိုတာ လေ့လာ တွေ့ရှိထားပြီးသားပါ။ ၂၀၁၇ ခုနှစ် လေ့လာချက်မှာလည်း တပတ်ကို အာလူးချောင်းကြော် ၂ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ်ထက် ပိုစားသူတွေဟာ ပုံမှန်ထက် ၂ ဆနီးပါး အသက်တိုနိုင်တယ်လို့ ဆိုပါတယ်။
လက်ထောက် ပရော်ဖက်ဆာ Wei Bao တို့ရဲ့ လေ့လာချက်မှာတော့ အမျိုးသမီး ၁ သိန်းကျော်ရဲ့ စားသောက်မှု ပုံစံတွေကို လေ့လာခဲ့ပါတယ်။ အသက် ၅၀ ကနေ ၇၉ အရွယ်တွေရယ်၊ ပျှမ်းမျှအသက် ၁၈ အရွယ်ရယ်ဆိုပြီး ခွဲခြားလေ့လာတဲ့အခါ အကြော် နေ့တိုင်းစားသူတွေမှာ နှလုံးရောဂါနဲ့ တခြား ဆက်စပ်ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ ၈ ရာခိုင်နှုန်း မြင့်တက်နေတာတွေ့ရပါတယ်။
အမျိုးသမီးတွေရဲ့ စားသောက်မှုပုံစံတွေဟာ သူတို့ရဲ့ တလဝင်ငွေ၊ ကျန်းမာရေးအသိ၊ အားအင် အသုံးပြုမှုတွေ ပေါ်မူတည်ပြီး ကွဲပြားပုံတွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြတာပါ။
အကြော်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ ကြက်ကြော်ကြောင့် အသက်တိုနိုင်ခြေ ၁၃ ရာခိုင်နှုန်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်းရှိပြီး၊ ငါးကြော်ကြောင့် အသက်တိုနိုင်ခြေ ၇ ရာခိုင်နှုန်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။ ဒါပေမဲ့လည်း အကြော်နဲ့ ကင်ဆာရောဂါ ဆက်စပ်မှုကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
အကြော်စာတွေနဲ့ ကျန်းမာရေး ဆက်စပ်နေတဲ့ အဓိကကြောင်းရင်းက ဒီအစားအစာတွေကို ကြော်လိုက်တာကြောင့်လို့ ဆိုပါတယ်။ “ငါးဆိုတာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာ တမျိုးပါ။ အဆီဓာတ် နည်းပြီး အာဟာရဓာတ် မြင့်လို့ နေ့စဉ်စားသုံးဖို့ အကြံပြုချက် ရှိပါတယ်။ ဒါပေမဲ့လည်း ငါးကို ကြော်လိုက်ပြီ ဆိုရင်တော့ အကောင်းကနေ အဆိုးဖြစ်သွားတာပါပဲ”လို့ Wei Bao က ဆိုပါတယ်။
“ဒါကြောင့် အကြော်များများစားလေ၊ အာဟာရထက် ဆိုးကျိုးပိုခံစားရလေပဲ” လို့ ဆိုပါတယ်။ ဆက်ပြီးတော့ ဒီလေ့လာချက်က အမျိုးသမီးတွေကိုပဲ လေ့လာခဲ့တယ် ဆိုပေမယ့် ဆိုးကျိုးသက်ရောက်ပုံကတော့ အမျိုးသားတွေလည်း အတူတူပါပဲလို့ ဆိုပါတယ်။