Food

အမေရိကန်နိုင်ငံ အသင့်သောက်အသီးဖျော်ရည်တွေမှာ ဓာတ်သတ္တုပါဝင်မှုနှုန်းများနေ

အသင့်သောက် အချိုရည်တွေနဲ့ အသီးဖျော်ရည်တွေထဲမှာ ပုံမှန်ထက် သကြားဓာတ်အဆမတန်များတာကြောင့် ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်တာကို သိကြမှာပါ။ အခုတခါမှာတော့ နောက်ထပ်ရှောင်သင့်တဲ့အကြောင်းရင်း ပေါ်ပေါက်လာပြန်ပါပြီ။

သကြားဓာတ်အဆမတန်များလို့ ရောဂါဖြစ်စေနိုင်တဲ့ အသီးဖျော်ရည်တွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပမာဏ မြင့်မားစွာပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စာသုံးသူ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံတဝန်းရောင်းချနေတဲ့ အသင့်သောက်အသီးဖျော်ရည်ဘူးတွေထဲက ၄၅ မျိုး လောက်မှာ အန္တရာယ်ရှိ ဓာတ်ပစ္စည်းပါဝင်မှုနှုန်း မြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။

အင်အော်ဂဲနစ် အာဆင်းနစ်၊ ကဒ်မီယမ်၊ မာကျူရီ ဒါမှမဟုတ် ခဲဓာတ်ပါဝင်မှုမြင့်မားနေတာကို စမ်းသပ်တွေ့ရှိခဲ့ ကြတာပါ။ ဒါဟာ အမေရိကန်နိုင်ငံတဝန်း နာမည်ကြီးတံဆိပ်တွေကို ရွေးချယ်စစ်ခဲ့ရာက ယခုလို ရလဒ်ထွက် ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

အချိုရည်ဈေးကွက်တဝက်လောက်က အမှတ်တံဆိပ်တွေထဲမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်သတ္တုတွေပါဝင် နေပြီး အဲ့ဒီထဲက အမျိုးအစား ၇ ခုလောက်မှာ ပါဝင်မှုနှုန်းအမြင့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတံဆိပ်တွေ ကို နေ့စဉ် ကလေးတယောက်ဆိုရင် ၄ အောင်စ (ခွက်တဝက်စာ) ပမာဏသောက်မိရုံနဲ့ အန္တရာယ်ရှိပါတယ်။

လူကိုဒုက္ခရောက်စေတဲ့ ဓာတ်သတ္တုပါ အသီးဖျော်ရည်တွေကို နေ့စဉ်သောက်သုံးမိနေမယ်ဆိုရင် အရွယ်ရောက် ပြီးသူရော၊ ကလေးတွေမှာပါ ဉာဏ်ရည်နိမ့်ပါးလာပြီး ခန္ဓာကိုယ်က ပြန်လည်တုံပြန်ပြုမူပုံတွေ ပြောင်းလဲလာနိုင်သလို အဆင့် ၂ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ တခြားရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။

စစ်ဆေးတွေ့ရှိခဲ့တဲ့ တချို့အမှတ်တံဆိပ်တွေဟာ FDA က ခွင့်ပြုထားတဲ့ ခဲဓာတ်ပါဝင်မှုနှုန်းထက် အဆမတန် များပြားနေတာကိုပါ တွေ့ရှိခဲ့ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ အသီးဖျော်ရည်ဘူးဆိုရာမှာ စီမံထားတဲ့ဖျော်ရည်တွေ ရာ၊ သဘာဝအော်ဂဲနစ်ဖျော်ရည်ဘူးတွေမှာပါ အန္တရာယ်ရှိစေတဲ့ ဓာတ်ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

Ref: Emma Deangela

Loading