သခွားသီးဟာ ခန္ဓာကိုယ်ကျန်းမာရေးသာမက အရေပြားကျန်းမာရေးအတွက်ပါ ကောင်းမွန်တာကို အားလုံးသိပြီးဖြစ်မှာပါ။ အသီးအရွက်တွေသိပ်ပြီး မစားတဲ့သူတွေတောင် သခွားသီးကိုတော့ စားကြတာကိုလည်း မြင်ရပါတယ်။ ဒါကြောင့် ဒီတခါမှာ သခွားသီးနေ့တိုင်းစားခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေဓာတ်ရရှိခြင်း
ဘယ်လောက်ကြိုးစားပြီးပဲနေနေ ရေကို သေချာသောက်ဖြစ်ဖို့ မေ့သွားတဲ့ နေ့တွေနဲ့ မအားတဲ့ နေ့တွေ ရှိကြမှာပါ။ ဒီလို ဖြစ်လို့ ဝမ်းနည်းစရာမရှိပါဘူး။ သခွားသီးရဲ့ ၉၀ရာခိုင်နှုန်းဟာ ရေဓာတ်ပါဝင်နေလို့ ရေဓာတ်ကို သခွားသီးစားခြင်းနဲ့ ဖြည့်တင်းနိုင်ပါတယ်။ အရသာရှိရှိနဲ့ ရေဓာတ်လုံလုံလောက်လောက်ရဖို့ သခွားသီးက ကူညီပါလိမ့်မယ်။
(၂) ကိုယ်ခန္ဓာကျန်းမာရေး
သခွားသီးမှာ ရေဓာတ်တင်မကဘဲ အမျှင်ဓာတ်လည်း ကြွယ်ဝပါသေးတယ်။ ဒါကြောင့် အလေးသွားခြင်းအတွက် ကောင်းမွန်စွာ အထောက်အကူပြုပါတယ်။ ပရိုတင်းတွေကို ခွဲခြားပေးနိုင်တဲ့ အင်ဇိုင်းလည်းပါဝင်တာကြောင့် ပရိုတင်းများတဲ့ အစားအသောက်တွေကို စားမိခဲ့ရင်တောင် အစာချေရလွယ်ကူဖို့ သခွားသီးက လုပ်ဆောင်နိုင်ပါတယ်။
(၃) သွားရည်စာ
သခွားသီးရဲ့ အသုံးဝင်ပုံတွေထဲက တခုကတော့ သွားရည်စာလုပ်စားလို့ရတာပဲ ဖြစ်ပါတယ်။ ဝိတ်လျော့နေတဲ့ သူတွေအဖို့ တခုခုလည်းစားချင်တယ် ခန္ဓာကိုယ်အလေးချိန်တက်လာမှာလည်း ကြောက်တယ်ဆိုတဲ့သူတွေ စားသင့်တာကတော့ သခွားသီးပဲဖြစ်ပါတယ်။ သခွားသီးမှာ အဆီ၊ သကြား စတာတွေ တခုမှမပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်မှာလည်း ပူစရာမလိုတော့ပါဘူး။
(၄) အရက်နာကျခြင်းကို ကုသနိုင်ခြင်း
ပိတ်ရက်မှာ သောက်တာများသွားလို့ စိတ်မပူပါနဲ့။ သခွားသီးမှာ ရေဓာတ်ရော ဗီတာမင်ဘီ ပါ ကြွယ်ဝနေတာကြောင့် အရက်နာကျတဲ့ ခန္ဓာကိုယ်ကို ကုသဖို့ အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် သခွားသီးစားခြင်းဟာ ခံတွင်းနံ့ နံတာကို လျော့နည်းတယ်လို့ သိရပါတယ်။
(၅) အသားအရေလှပခြင်း
သခွားသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီကာဓာတ်တွေဟာ အသားအရေထိန်းသိမ်းဖို့ ကူညီပေးပါ သေးတယ်။ ဒါတွေအပြင် သခွားသီးဟာ မျက်ခွံဖောင်းခြင်းကို သက်သာစေပြီး နေဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်စိုပြေစေဖို့ လုပ်ဆောင်ပေးပါတယ်။
Ref;lifehack